စတုတ္ထအကြိမ်မြောက် ဟိမဝန္တာတောင်တန်းများဒေသနိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုဖိုရမ်ကျင်းပ

နေပြည်တော် ဇူလိုင် ၅

 

ဟိမဝန္တာတောင်တန်းဒေသ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ လူသားများနှင့် သဘာဝတရားအကြား သဟဇာတဖြစ်စေသောဖွံ့ဖြိုးမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုတို့ကို ချိတ်ဆက် ဆောင်ရွက်ရန်နှင့်  ရေခဲမြစ်များထိန်းသိမ်းခြင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် ရိုးရာဆေးဖက် ဝင်အပင်များ၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်းလုပ်ငန်းများ ဟန်ချက်ညီစေရန် ရည်ရွယ်ကျင်းပသည့် စတုတ္ထအကြိမ်မြောက် ဟိမဝန္တာတောင်တန်းဒေသ နိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုဖိုရမ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှီးကျန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ Nyingchi မြို့၊ Lulang International Pearl Hotel တွင်ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၊ နိုင်ငံပေါင်း ၁၂ နိုင်ငံမှဝန်ကြီးများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိ သူများ၊ တက္ကသိုလ်များမှ ပါမောက္ခများနှင့် ကျောင်းသားကျောင်းသူများ၊ သုတေသီများ တက်ရောက်ကြ သည်။

 

ဉီးစွာပြည်ထောင်စုဝန်ကြီးသည် ရှီကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကော်မတီအတွင်းရေးမှူး Mr. Wang Junzheng၊ နှင့် the 14th National Committee of the Chinese People’s Political Consultative Conference Vice-Chairperson Ms. Qin Boyong သီရိလင်္ကာ၊ နီပေါ၊ အာဖဂန်နစ္စတန်၊ ကိုရီးယား၊ ချီလီ၊ ဘိုလီးဗီးယားနိုင်ငံများမှ ဝန်ကြီးများ၊   ရှီကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကော်မတီမှ တာဝန်ရှိသူများ၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

 

ထို့နောက်  စတုတ္ထအကြိမ်မြောက် ဟိမဝန္တာတောင်တန်းဒေသ နိုင်ငံများအကြား အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ရှီကျန်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ကော်မတီ အတွင်းရေးမှူး Mr. Wang Junzhengနှင့် Vice-Chairperson Ms. Qin Boyong တို့က ဂေဟစနစ်ထိန်းသိမ်းခြင်းမှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရေး၊ ရှီကျန်း ဒေသရှိ တောင်တန်းများ၊ သစ်ပင်သစ်တောများ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ရေခဲမြစ်များထိန်းသိမ်းကာကွယ်ရေး၊ ကုန်းမြင့်အားကစား လှုပ်ရှားမှုများနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးစေရေး၊ ကာဗွန်ထုတ်လွှတ်မှုနည်းပါးသည့် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု မျှချေဖြစ်စေ ရေးနှင့် ပတ်သက်၍ အဖွင့်အမှာစကားများ ပြောကြားကြသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတရှိစွာ နေထိုင်မှု သည် လူသားများနှင့် သဘာဝအကြား အပြန်အလှန်အမှီသဟဲပြုပြီး ကောင်းမွန်သော သက်ရှိဘဝကို ဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် သစ်တောများနှင့် ဇီဝမျိုးစုံမျိုးကွဲများ  ထိန်းသိမ်း ကာကွယ်ရေး၊ ဂေဟစနစ်တည်ငြိမ်စေရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို နိုင်ငံ၏ ဦးစားပေး လုပ်ငန်းများအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ၄၇ ရာခိုင်နှုန်းသည် ဟိမဝန္တာတောင်တန်းဒေတွင်ပါဝင်နေပြီး ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲ အချက်အချာ နေရာများဖြစ်သော အင်ဒို-မြန်မာ၊ တရုတ်အနောက်တောင် တောင်တန်းများနှင့် ဟိမဝန္တာဒေသများ၏ ဂေဟဗေဒကွန်ယက်အတွင်း တည်ရှိပါကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်အပါအဝင် သဘာဝထိန်းသိမ်းရေး နယ်မြေ ခု၊ နိုင်ငံဧရိယာ၏ ၂ ဒသမ ၅၉ ရာခိုင်နှုန်း ဖွဲ့စည်းထားပြီး၊ တစ်နိုင်ငံ လုံးအနေဖြင့် နိုင်ငံဧရိယာ၏ ၆ဒသမ၄၈ ရာခိုင်နှုန်း ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ဒေသမျိုးရင်းဆေးဖက်ဝင် အပင်များအပါအဝင် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးလုပ်ငန်းများ၊ သုတေသနလုပ်ငန်းများကိုလည်း နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ဟိမဝန္တာတောင်တန်းဒေသ နိုင်ငံများ အကြား သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ ဂေဟစနစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍများ၊ အစိမ်းရောင်စီးပွားရေးဆိုင်ရာ ရင်းနှီးမြုပ်နှံမှုများနှင့် သဘာဝအခြေပြု ခရီးသွားလုပ်ငန်းများတွင် ခိုင်မာ၍ လက်တွေ့ကျသော မူဝါဒများနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်သွားရန်နှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် တိုးမြှင့်ဆောင်ရွက်သွားရန် အကြံပြု လိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဟိမဝန္တာတောင်တန်းဒေသ နိုင်ငံများအကြားနှင့် ပိုးလမ်းမနှင့် ရပ်ဝန်းဆိုင်ရာကိစ္စရပ် များတွင် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် နိုင်ငံအသီးသီးမှဝန်ကြီးများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက အမှာစကားများ ပြောကြားကြပြီး တက်ရောက်လာသူများက သစ်ပင်သစ်တောများ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ရေခဲမြစ်များ ထိန်းသိမ်းကာကွယ်ခြင်း၊ ကုန်းမြင့်အားကစားလှုပ်ရှားမှုများနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးစေခြင်း၊ ရိုးရာ တိုင်းရင်းဆေးနှင့် ဆေးဖက်ဝင်အပင်များ ထိန်းသိမ်းကာကွယ်ခြင်း ခေါင်းစဉ်များဖြင့် ဆက်လက် ဆွေးနွေးကြသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Nyangchi မြို့ သတင်းမီဒီယာများ၏ ဖိုရမ်နှင့်ပတ်သက်သည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားသည်။ ထို့နောက် ရှီကျန်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ Standing Committee of the People’s Congress  Vice Chairman Mr. Sun Xianzhong နှင့်တွေ့ဆုံပြီး သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး၊ ဂေဟစနစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍများ၊ လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးတက်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)