စတုတ္ထအကြိမ်မြောက် မရမာကြီးအမျိုးသားနေ့ စစ်တွေမြို့၌ကျင်းပ

စစ်တွေ  ၁၈   မေ 

 

စတုတ္ထအကြိမ်မြောက် မရမာကြီးတိုင်းရင်းသားတို့၏ အမျိုးသားနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် စစ်တွေမြို့ မရမာကြီးဘုန်းတော်ကြီးကျောင်းဟောင်း၌ ကျင်းပသည်။

 

အခမ်းအနားတွင် စစ်တွေမြို့ စည်းကမ်းထိန်းသိမ်းရေး ဆရာတော် ဦးဝဏ္ဏသာရက မရမာကြီးအမျိုးသားနေ့ ကျင်းပခြင်းနှင့်ပတ်သက်၍ သြဝါဒမိန့်ကြားသည်။ ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးပုန်ဘွေက လူမျိုးနွယ်စုတိုင်းတွင် မိမိတို့၏အမျိုးသားနေ့ ဖြစ်ပေါ်လာသည့် သမိုင်းကြောင်းများရှိပါကြောင်း၊ အမျိုးသားနေ့ ကျင်းပခြင်းဖြင့် မရမာကြီးတိုင်း ရင်းသားများသာမကဘဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားမျိုးနွယ်စုအားလုံးသည် တစ်ဦးကိုတစ်ဦး ချစ်ခင်မြတ်နိုးစိတ်၊ လေးစားလိုစိတ်ရှိကြသည် ဆိုခြင်းကို ပြသနေခြင်းဖြစ်ကြောင်း၊  အမျိုးသားနေ့သည် မိမိတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ဖော်ပြသောနေ့တစ်နေ့ဖြစ်ပါကြောင်း၊ ထိုသို့ဖော်ပြရာတွင် မိမိတို့၏ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများကို ဖော်ပြရန်လိုကြောင်း၊ ထိုသို့ဖော်ပြနိုင်ရန် နိုင်ငံတော်အစိုးရမှလည်း တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနကို ရခိုင်ပြည်နယ်စစ်တွေမြို့တွင် ဖွင့်လှစ်ပေးလျှက် ရှိကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားစာပေနှင့်ပတ်သက်ပြီး အကြံအဉာဏ်များလိုအပ်လာလျှင် မိမိထံသို့သော်လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနသို့သော်လည်းကောင်း အကူအညီများတောင်ခံနိုင်ပါကြောင်း အဖွင့်အမှာစကားပြောကြားသည်။

 

ထို့နောက် မရမာကြီးအမျိုးသားနေ့ဖြစ်ပေါ်လာပုံ စာတမ်းကို  မရမာကြီးစာပေနှင့် ယဉ်ကျေးမှုအသင်း (ရခိုင်ပြည်နယ်)အတွင်းရေးမှူး  ဦးလှရွှေက ဖတ်ကြားပြီး ရခိုင်တစ်မျိုးသားလုံးညီညွတ်ရေး ကော်မတီ၊ ဗဟိုဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးအောင်ဌေးက မရမာကြီးအမျိုးသားနေ့ ဂုဏ်ပြုစကား ပြောကြားသည်။ ယင်းနောက် မရမာကြီးစာပေနှင့် ယဉ်ကျေးမှုအသင်း(ရခိုင်ပြည်နယ်)နာယက ဦးမောင်နုက မရမာကြီးတိုင်းရင်းသားမျိုးနွယ်စုများ၏ သမိုင်းကြောင်းနှင့် အမျိုးသားနေ့ ဖြစ်မြောက် ရေးအတွက် ဆောင်ရွက်ပေးကြသူများကို ကျေးဇူးတင်စကားပြောကြားပြီး ကြွရောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြကြောင်း သိရသည်။

 

မရမာကြီးအမျိုးသားနေ့ကို ပြည်နယ်အတွင်းဖြန့်ခွဲနေထိုင်ကြသည့် မရမာကြီးတိုင်းရင်းသား အချင်းချင်း ချစ်ခင်ရင်းနှီးမှုမှတဆင့် ဒေသနေတိုင်းရင်းသားများအားလုံးနှင့် စည်းလုံးညီညွတ်မှု အားကောင်းလာစေရန်၊ မိမိလူမျိုးတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်တို့အား ပြသဖော်ထုတ်နိုင်စေရန်၊ မရမာကြီးတိုင်းရင်းသားတို့၏ သမိုင်းကြောင်း၊ စာပေ၊ ယဉ်ကျေးမှု၊ ပညာရေး၊ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်အောင် ဖော်ထုတ်လိုစိတ်နှင့် ထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန်များကို လူငယ်၊ လူရွယ်များကို လက်ဆင့်ကမ်းအမွေပေးရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

မရမာကြီးတိုင်းရင်းသားလူမျိုးများသည် မြန်မာနိုင်ငံတွင် ၁၅၀ဝ၀ ဦးခန့်သာရှိပြီး ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ဖြန့်ကျဲနေထိုင်လျှက်ရှိပြီး ရခိုင်ပြည်နယ်  စစ်တွေမြို့၊ ကျောက်ဖြူမြို့၊ ပုဏ္ဏားကျွန်းမြို့၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်နှင့် မောင်တောမြို့နယ်တို့တွင် အများဆုံးနေထိုင်လျှက်ရှိကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)

 

_DSC0