စတုတ္ထအကြိမ်မြောက် ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော်မြတ် ၅၁၂၁ ဆူအား ဗုဒ္ဓါဘိသေကအနေကဇာတင်

နေပြည်တော်       မတ်       ၂၂

 

နေပြည်တော်ကောင်စီက ကြီးမှူး၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး ဒေါ်မေမြင့်မောင်တို့ အမှူးပြု၍ မိတ်ဆွေသင်္ဂဟများ လှူဒါန်းသည့် စတုတ္ထအကြိမ်မြောက် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ် ၅၁၂၁ ဆူအား ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားကို မတ် ၂၂ ရက် နံနက်ပိုင်းက ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး လိုဏ်ဂူတော်အတွင်း၌ ကျင်းပသည်။

 

ရှေးဦးစွာ ဆရာတော်ကြီးများက ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ် ၅၁၂၁ ဆူတို့အား ဗုဒ္ဓါဘိသေက အနေကဇာတင်တော်မူကြပြီး နေပြည်တော် တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ ပျဉ်းမနားမြို့ သုခဝိဟာရ သရက်ကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိကုမာရထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်၍ ဆရာတော် သံဃာတော်များ ရွတ်ဖတ်ပူဇော်သော မေတ္တာသုတ် ပရိတ်တရားတော်မြတ်များကို နာယူကြသည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော်မြတ်များ ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်လှူဒါန်းခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ပူဇော်လှူဒါန်းခြင်းနှင့်စပ်လျဉ်း၍ မုဒိတာပွား နိုင်စေရေး အလှူရှင်များစာရင်းအား ဖတ်ကြားသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်ဇနီးတို့က သုခဝိဟာရ သရက်ကုန်းကျောင်းတိုက် ဆရာတော်ထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်ပြီး ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက်  ဧည့်ပရိသတ်များက နေပြည်တော် တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ ပျဉ်းမနားမြို့ သုခဝိဟာရ သရက်ကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိကုမာရထံမှ အနုမောဒနာတရား နာကြားကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဇနီး၊ အလှူရှင်များက ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ပေးအပ်လှူဒါန်းသည်။

 

အခမ်းအနားသို့ နေပြည်တော် တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ ပျဉ်းမနားမြို့ သုခဝိဟာရ သရက်ကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိကုမာရ အမှူးပြုသော ဆရာတော်ကြီး ကိုးပါး ကြွရောက်တော်မူကြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ နေပြည်တော် စည်ပင်ယာရေးကော်မတီမှ ဌာနကြီးမှူးများနှင့် ဌာနမှူးများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် ဝန်ထမ်းများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

 

ထွန်းထွန်းဝင်း(ပြန်/ဆက်)