ခန့်ဇော်(ကျေးလက်)

 

တိုင်ဖွန်းမုန်တိုင်းရာဂီကြောင့်  ဖြစ်ပေါ်ခဲ့ရသည့်ပျက်စီးဆုံးရှုံးမှုများ

တိုင်ဖွန်းမုန်တိုင်းရာဂီဟာ တောင်တရုတ်ပင်လယ်အတွင်း ဩဂုတ် ၃၁ ရက်တွင်စတင်အစပျိုးခဲ့ပြီး ယင်းမှတစ်ဆင့် အားကောင်းသော တိုင်ဖွန်းမုန်တိုင်း အသွင်ကူးပြောင်းသွားခဲ့ကာ စက်တင်ဘာ ၆ ရက်တွင် တရုတ်နိုင်ငံ၊ စက်တင်ဘာ ၇ ရက်တွင် ဗီယက်နမ်နိုင်ငံတို့ကို လေတိုက်နှုန်းပြင်းအား တစ်နာရီလျှင် မိုင် ၁၆၀ နှုန်းဖြင့် ဝင်ရောက် တိုက်ခတ်ခဲ့ပြီး ပျက်စီးမှုများစွာရှိခဲ့တယ်လို့ သိရပါ တယ်။ စက်တင်ဘာ ၆ ရက်တွင် ရာဂီမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် တရုတ်နိုင်ငံ၌ သေဆုံးသူ ၁၆ ဦး၊ ပျောက်ဆုံး ၁၇ ဦး၊ ဒုက္ခသည်ပေါင်း ၂၇၀ နှင့် နိုင်ငံမြောက်ပိုင်းနဲ့ အလယ်ပိုင်း ပြည်နယ်အချို့ရှိ လူပေါင်း နှစ်မီလီယံခန့် မုန်တိုင်း ဒဏ်ခံစားခဲ့ရပြီး ယွမ် ၃၂ ဒသမ ၇ ဘီလီယံခန့် အမေရိကန်ဒေါ်လာ (၄ ဒသမ ၆) ဘီလီယံခန့် ဆုံးရှုံးခဲ့ရပါတယ်။ စက်တင်ဘာ ၂၈ ရက် စာရင်းအရ ဗီယက်နမ်နိုင်ငံမှာတော့ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများအနေဖြင့် သေဆုံးသူ ၂၉၉ ဦး၊ ပျောက်ဆုံးသူ ၃၄ ဦး၊ အိုးအိမ်၊ စက်ရုံအလုပ်ရုံ၊ လမ်း၊ တံတားနှင့် စိုက်ပျိုးမြေများစွာ ပျက်စီးဆုံးရှုံးခဲ့ပြီး ဗီယက်နမ်ဒေါင် ၈၁ ဒသမ ၅ ထရီလီယံ (အမေရိကန် ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံ ခန့်) ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံမှာတော့ ပြည်နယ်ခုနစ်ခု မှာ သေဆုံးသူ ၄၂ ဦး (ရေကြီးမှုကြောင့် ၁၉ ဦး၊ မြေပြိုမှုကြောင့် ၂၃ဦး)၊ ထိခိုက်ဒဏ်ရာရရှိသူ ၂၄ ဦး၊ အိမ်ထောင်စုပေါင်း ၂၈၀၀၀ ကျော် ပျက်စီးခဲ့ပြီး ကလေးငယ်ပေါင်း ၆၈၀၀၀ ခန့် မုန်တိုင်းဒဏ်ခံစား ခဲ့ရပါတယ်။

 

မြန်မာနိုင်ငံမှာတော့ ရာဂီမုန်တိုင်းကြောင့် နိုင်ငံအဝန်း မြို့နယ်ပေါင်း ၁၁၀ တွင် ရေကြီးရေလျှံမှု ဖြစ်စဉ်များဖြစ်ပေါ်ခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်း အထိ ကောက်ယူရရှိသော စာရင်းများအရ ပျက်စီးဆုံးရှုံးမှုအနေဖြင့် သေဆုံးသူ ၄၃၃ ဦး၊ ပျောက်ဆုံးသူ ၇၉ ဦး၊ လူနေအိမ် ၁၁၅၀၀၂ လုံး၊ ရုံးဌာနအဆောက် အအုံ ၁၂၉ လုံး၊ စာသင်ကျောင်း ၃၃၃ ကျောင်း၊ ဘာသာရေးကျောင်း ၂၂၈ ကျောင်း၊ လမ်း၊ တံတား ၁၃၅၈ ခု၊ လျှပ်စစ်မီးတိုင် ၅၆၂၂ တိုင်နှင့် ဆက်သွယ် ရေးတိုင် ၁၁၄ တိုင်၊ စပါးစိုက်ဧက ၇ သိန်း ၈ သောင်း ကျော်၊ သေဆုံးတိရစ္ဆာန် ၁၇၆၂၄၆ ကောင်ရှိကြောင်း သိရပါတယ်။

 

အရှေ့တောင်အာရှမှာပဲ ဒီလိုဖြစ်ပွားခဲ့သလားဆိုတော့ အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်းမှာလည်း စက်တင်ဘာ ၂၆ ရက်က ဟာရီကိန်း မုန်တိုင်းဟယ်လီနာ (Helene) ဝင်ရောက်ခဲ့တဲ့အတွက် ရေကြီးရေလျှံမှု၊ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တာ တွေ့ရပါတယ်။ အောက်တိုဘာ ၇ ရက်အထိ စာရင်း များအရ ပြည်နယ်ခြောက်ခုတွင် ဒေသခံ ၂၃၂ ဦး သေဆုံးခဲ့ပြီး လူပေါင်းရာချီ ပျောက်ဆုံးလျက်ရှိကာ လျှပ်စစ်မီး၊ ရေရရှိရေးနှင့် ဆက်သွယ်ရေးလမ်း ကြောင်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။

 

ရာဂီမုန်တိုင်းရဲ့နောက်ဆက်တွဲ

ဒီတစ်ခါထူးခြားတာက မုန်တိုင်းရဲ့နောက်ဆက်တွဲ အရှေ့မြောက်အရပ်က ဝင်လာတဲ့လေကြောင့် ဖြစ်တည်လာတဲ့မိုးပဲဖြစ်ပါတယ်။ မိုးကြီးမှုကြောင့်မိုးရေချိန်များပြီး နေရာစုံမှာ အဆက်မပြတ် ရွာသွန်းခဲ့တာကြောင့် အာဆီယံနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံတွေပါ ရေကြီးမှုတွေဖြစ်ခဲ့ပြီး ထိခိုက်မှု များပြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာတော့ တာချီလိတ်မှာ စက်တင်ဘာ ၁၀ ရက်မှစတင် ရေကြီးမှုဖြစ်ပွားခဲ့ပြီး စိုးရိမ်ရေမှတ် ၃၉၀ စင်တီမီတာအထိ ဖြစ်ခဲ့ပါတယ်။ တောင်ပေါ်မြို့ဖြစ်တဲ့ ကလောမြို့ လေးမှာ ၁၀ ရက်နေ့ညမှာ စတင်ရေကြီးခဲ့ပြီး မြေပြိုခြင်းနဲ့ နှစ် ၁၀၀ အတွင်း အဆိုးဆုံးရေကြီးမှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ တစ်ဆက် တစ်စပ်တည်း ၁၀ ရက်နေ့ ညပိုင်းမှာပဲ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရမည်းသင်းမြို့နဲ့ ပျော်ဘွယ်မြို့တွေ၊ နေပြည်တော်၊ တပ်ကုန်းမြို့တွေ၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တွေမှာ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ခဲ့ပါတယ်။ ညအချိန်ဖြစ်လို့ တော်တော်ဒုက္ခရောက်ကြရမှာ သေချာပါတယ်။ မိုးလင်းတာနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ စပြီးဆောင်ရွက်ခဲ့ကြပါတယ်။ နေပြည်တော်၊ ပုဗ္ဗသီရိ၊ ပျဉ်းမနားနဲ့ လယ်ဝေးဒေသတွေကိုတော့ ၁၀ ရက်နေ့ သန်းခေါင်ယံအချိန်နဲ့ နံနက်စောစောပိုင်းမှာ ဝင်ရောက်ခဲ့ပါတယ်။

 

ကွင်းဆင်းစိစစ် ထောက်ပံ့ထူထောင်

နေပြည်တော်ကောင်စီ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီအနေနဲ့ ဒေသအလိုက်၊ မြို့နယ်အလိုက် တာဝန်တွေခွဲဝေပြီး ချက်ချင်းတုံ့ပြန် ဆောင်ရွက်ခဲ့ကြတာတွေ့ရှိရပါတယ်။ ရေကြီးမှုအခြေအနေကို ဒီလောက်အထိ ဆိုးမယ်လို့မထင်မိခဲ့တာတော့အမှန်ပါ။ ညပိုင်း TV ကြည့်တဲ့အချိန်မှ အခြေအနေတော်တော် ဆိုးတာကို သိခဲ့ရပါတယ်။ ၁၂ ရက်နေ့မှာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့နဲ့ စတင်ကွင်းဆင်းခဲ့ပါတယ်။ ရွာတွေမှာ ရေပြည့်နေလို့ ရွာတွေကိုတော့မရောက်နိုင်ခဲ့ပါဘူး။ ၁၃ ရက်နေ့မှာ တပ်ကုန်းမြို့က ကယ်ဆယ်ရေး စခန်းတွေကို ကွင်းဆင်းပါတယ်။ ရေသန့်စင်စက်တွေနဲ့ ရေဖြန့်ဝေပေးခဲ့ပြီး ကယ်ဆယ်ရေးစခန်းတွေအတွက် ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာတွေ ကူညီထောက်ပံ့ပေးခဲ့ပါတယ်။ မကျီးပင်ရွာနဲ့ မကျီးပင် တံတားပျက်စီးမှုများကို စစ်ဆေးခဲ့ပါတယ်။ တော်တော်ပျက်စီးသွားတာဖြစ်ပါတယ်။ အချို့နေရာတွေမှာ အိမ်တွေပြိုပျက်သွားတာ တွေ့ရသလို ကြံ့ကြံ့ခံနိုင်တဲ့အိမ်တွေ၊ ကြံ့ကြံ့ခံနိုင်ခဲ့တဲ့ ကွန်ကရစ်လမ်းတွေနဲ့ RC တံတားတွေလည်း တွေ့ခဲ့ရပါတယ်။ ရွာကလူကြီးတွေ မေးကြည့်တော့ “သူတို့ တစ်သက်မှာ ဒီတစ်ခါပဲကြုံဖူးတယ် ပြောကြပါတယ်။ ကျွန်တော်လည်း နေပြည်တော်စတည်တဲ့ကာလ ၂၀၀၃ ခုနှစ်ကတည်းက နေလာတာ ခုမှကြုံဖူးတာ ဖြစ်ပါတယ်။

 

ဆင်သေချောင်းတစ်လျှောက်က တံတားတွေ အပျက်အစီးများတာတွေ့ရပါတယ်။ ချောင်းတစ်လျှောက် တံတားကြီးတွေပျက်စီးမှုကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဥက္ကဋ္ဌမှတစ်ဆင့် ဝန်ကြီးထံပျက်စီးမှုစာရင်း ပို့လာတော့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ တံတားလေးစင်းပါတာတွေ့ရပါတယ်။ အကြီးအကဲတွေလည်း သတင်းအချက်အလက်ကို ချက်ချင်းရယူ ဆောင်ရွက်တာတွေ့ရပါတယ်။ ဌာနကဆိုင်တဲ့ တံတားတွေကို ကွင်းဆင်းကြည့်ရှုခဲ့ပါတယ်။ သဘာဝဘေးဒဏ်ခံနိုင်အောင် တည်ဆောက်ထားတဲ့အတွက် တံတားကြီးတွေဟာ ကြီးမားတဲ့ရေစီးဆင်းမှုဒဏ်ကို ခံနိုင်ရည်ရှိပြီး ချဉ်းကပ်လမ်းတွေကိုသာ တိုက်စားသွားတာ တွေ့ရှိရပါတယ်။ တချို့လည်း ပျက်စီးဆုံးရှုံးခဲ့တာ တွေ့ရပါတယ်။

 

၁၃ ရက်နေ့ ညနေပိုင်းမှာ လယ်ဝေးဒေသဘက်က ကယ်ဆယ်ရေးစခန်းတွေကို သွားရောက်အားပေး၊ ထောက်ပံ့မှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ ရွာတွေကတော့ ရေမြုပ်နေဆဲပဲဖြစ်ပါတယ်။ ၁၄ ရက် နေ့မှာ ရေစတင်ကျလာပြီဖြစ်ပါတယ်။ ပုဗ္ဗသီရိမြို့နယ်က အေးမြင့်သာယာကျေးရွာနဲ့ ဝဲကြီးကျေးရွာတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအဖွဲ့တွေက အေးမြင့်သာယာရွာရှိ အများသုံးရေတွင်းကို ရေရရှိဖို့သန့်စင်နေကြပါတယ်။ ရွာခံတွေက မနက်ပိုင်းမှာ အိမ်တွေကို သန့်ရှင်းရေးလာလုပ်ပြီး ညပိုင်းမှာ ကယ်ဆယ်ရေးစခန်း ပြန်အိပ်ကြရပါတယ်။ ရွှံ့နွံတွေက ကိုးလက်မကနေ တစ်ပေအထိ ရှိနေတာဖြစ်ပါတယ်။ ရွာကလူကြီးတွေက “စားစရာ၊ ဝတ်စရာက အဆင်ပြေပါ တယ်။ အိမ်မှာ ရွှံနွံတွေရှိနေတာမို့ ဆေးကြောဖို့ သုံးရေ၊ သောက်သုံးဖို့အတွက် သန့်ရှင်းတဲ့သောက်ရေနဲ့ အိမ်သာတက်ဖို့အတွက် ရေလိုပါတယ် လို့ တင်ပြကြပါတယ်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကို တွင်းဆေး၊ တွင်းမှုတ်ပြုလုပ်ရာမှ မီးမရရင် ဒီဇယ်အင်ဂျင်နဲ့ အခြေခံဆောင်ရွက်ဖို့၊ စာသင်ကျောင်း၊ ဆေးပေးခန်း၊ ကျေးရွာခန်းမ စတဲ့အများနဲ့ဆိုင်တဲ့ အဆောက်အအုံတွေပါ သက်ဆိုင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့မှာခဲ့ပါတယ်။ မီးသတ်အဖွဲ့တွေ၊ တပ်မတော်၊ ပြည်သူ့ရဲနဲ့ လူမှုရေးအသင်းအဖွဲ့တွေလည်း ပူးပေါင်းဆောင်ရွက်နေကြတာတွေ့ရပါတယ်။ ဝဲကြီးရောက်တော့ ဝဲကြီးနဲ့ ဝင်ပြန်ရွာကြား ဆင်သေချောင်းကူးတံတားတစ်စင်း ကျိုးကျမျောပါ ပျက်စီးပြီး ချောင်းအကျယ် ပေ ၁၀၀၀ ခန့် ဖြစ်သွားတာတွေ့ရပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးကိုမေးကြည့်တော့ “သူတို့တစ်သက် ယခုလိုရေကြီးတာ မရှိကြောင်း ပြောပါတယ်။

 

ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်တွေအရ အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေးကော်မတီ ဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌရဲ့လမ်းညွှန်မှုတွေ၊ ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေနဲ့အညီ ဝန်ကြီးဌာနအဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲ မှုကော်မတီရဲ့ လုပ်ငန်းတာဝန်တွေအရ ချက်ချင်းဆောင်ရွက်ဖို့တွေကို အောက်ပါအတိုင်း လမ်းညွှန်ချက်ပေးခဲ့ပါတယ်-

 

(က) လမ်းပန်းဆက်သွယ်မှု မပြတ်တောက်ရေး ဦးစားပေးပြီး ကျေးလက်လမ်း၊ တံတား၊ ကုန်ထုတ်လမ်းများ၊ ကျေးရွာတွင်းလမ်းများကို ပြင်ဆင်ရန်၊

( ခ ) သောက်သုံးရေရရှိရေး ရေသန့်စက်ကြီးများ အသုံးပြုပြီး ကယ်ဆယ်ရေးစခန်းများသို့ ဖြန့် ဝေပေးရန်၊

(ဂ) ရေကျချိန်တွင် ကျေးရွာအတွင်း အမြန်ပြန်လည်နေထိုင်နိုင်ရေး သောက်သုံးရေကန်များ ကလိုရင်းဆေး ခတ်ခြင်း၊ စက်ရေတွင်းများ တွင်းဆေး၊တွင်းမှုတ်ခြင်းများ ဆောင်ရွက်ရန်၊

(ဃ) သက်မွေးဝမ်းကျောင်းဆိုင်ရာ စီမံကိန်းများထိခိုက်မှုနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ထိခိုက်မှုစာရင်းများကို အမြန်ဆုံးရရှိရေးဆောင်ရွက်ရန်နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းအစီအမံများ တင်ပြရန်၊

( င ) ပျက်စီးသွားသော လမ်း၊ တံတား၊ ရေပေးရေး၊ မီးလင်းရေးလုပ်ငန်းများကို အမြန်ဆုံး ပြင်ဆင်ရန်နှင့် ရေရှည်အတွက် သဘာဝဘေး ဒဏ်ခံနိုင်ရည်ရှိသည့် လမ်း၊ တံတားများ တည်ဆောက်နိုင်ရေး Feasibility Survey/ Design စနစ်တကျ ဆောင်ရွက်ပြီး လျာထား ဆောင်ရွက်ရန်။

 

ပျက်စီးဆုံးရှုံးများ

မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်ထားရှိသည့်လုပ်ငန်းများ၏ ပျက်စီးဆုံးရှုံးမှုအနေဖြင့် အောက်တို ဘာ ၁၀ ရက်အထိ ပြုစုထားရှိသည့်စာရင်းများအရ စုစုပေါင်းလုပ်ငန်း ၆၇၇ ခု၊ တန်ဖိုးငွေ ကျပ် ၂၃ ဒသမ ၁ ဘီလီယံ ကျော်ဖြစ်ကြောင်း သိရှိရပါတယ်။

 

ပြန်လည်ထူထောင်ရေးဆောင်ရွက်မှုလုပ်ငန်းများ

ပြန်လည်ထူထောင်ရေး ဆောင်ရွက်ရာမှာ တစ်ဦးကောင်း တစ်ယောက်ကောင်းဖြင့် ဆောင်ရွက် လို့ မရနိုင်ပါဘူး။ သတ်မှတ်လမ်းညွှန်ချက်တွေနဲ့အညီ ကော်မတီအလိုက် ဝန်ကြီးဌာနအချင်းချင်း၊ အစိုးရအဖွဲ့တွေ၊ လူမှုကယ်ဆယ်ရေးပရဟိတအဖွဲ့တွေ၊ လူမှုရေးအသင်းအဖွဲ့တွေ၊ အလှူရှင်တွေ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေ၊ NGO၊ INGO တွေ စတဲ့ သက်ဆိုင်သူအားလုံး ပူးပေါင်းဆောင်ရွက်ကြမှသာ ထိရောက်အောင်မြင်မှာ ဖြစ်ပါတယ်။

 

စက်တင်ဘာ ၁၇ ရက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန် မှာကြားမှုများထဲမှ အချို့ကို ကောက်နုတ်တင်ပြရရင်

 

(က) သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ခန့်မှန်းချက်၊ သတိပေးချက်များကို ထုတ်လွှင့် ရာတွင် ပညာရပ်ဆိုင်ရာ အသုံးအနှုန်းများထက် သာမန်ပြည်သူလူထု သတိပြုနားလည်နိုင်အောင် လွယ်ကူရှင်းလင်းစွာ နားလည်သိရှိ လိုက်နာနိုင်အောင် ထုတ်ပြန်ဆောင်ရွက်ရန်၊

(ခ) ဆည်မြောင်းနှင့် လမ်း၊ တံတားဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း လမ်း၊ တံတား လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြံ့ခိုင်မှု အပိုင်းနှင့်ပတ်သက်၍ အရှိန်အဟုန်ဖြင့် ရေစီး ဆင်းမှုဒဏ်ကို ခံနိုင်ရေးအတွက် စနစ်တကျ တွက်ချက်ဆောင်ရွက်ရန်၊

(ဂ) ယခင်က ကုန်ကျစရိတ်သက်သာစေရန် တံတားအရှည်နှင့် ခန်းဖွဲ့အားလျော့၍ ချဉ်းကပ်လမ်း အား တိုးမြှင့်ထားမှုများကို ပြန်လည်စစ်ဆေး သုံးသပ်ရန်၊

(ဃ)    တံတားနေရာများသို့ ရေဝင်ရောက်ရာ လမ်းကြောင်းနှင့် ရေထွက်ရာလမ်းကြောင်းနေရာများ၌ ရေစီးဆင်းမှုကောင်းမွန်စေရေး ချောင်းဖြောင့်ခြင်းလုပ်ငန်း အပါအဝင် အခြားလိုအပ်သည်များ ထည့်သွင်းတွက်ချက် ဆောင်ရွက်သွားရန်၊

( င ) သဘာဝဘေးအန္တရာယ်ကို ကြိုတင်တွက်ဆ၍ လုပ်ငန်းများ ဆောင်ရွက်သွားရန်လိုကြောင်း နှင့်ပျက်စီးသွားသည့် သီးနှံများ ပြန်လည်စိုက်ပျိုးရာတွင်လည်း စနစ်တကျဖြင့် ပြန်လည်စိုက်ပျိုးသွားရန်၊ ထိုသို့ဆောင်ရွက် နိုင်ရန်အတွက် လိုအပ်သည့်စိုက်ပျိုးရေး ထောက်ပံ့ငွေများနှင့် စိုက်ပျိုးရေးချေးငွေများ ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်။

 

ရာဂီမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့တဲ့ဒေသတွေအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့အတွက် နိုင်ငံအတွင်းရှိ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ၊ စေတနာရှင်တွေကလည်း ပထမအကြိမ် အလှူငွေ ၃၂ ဒသမ ၂ ဘီလီယံကျော်၊ ဒုတိယအကြိမ် ၁၀ ဒသမ ၅ ဘီလီယံကျော်၊ နိုင်ငံတော်ဝန်ကြီးချုပ်ထံ ပေးအပ်လှူဒါန်းခဲ့ပြီး စုစုပေါင်း ၄၂ ဒသမ ၇ ဘီလီယံ ကျော် ရရှိခဲ့ပါတယ်။ မြန်မာတို့ရဲ့ သဒ္ဓါတရား၊ စာနာ ဖေးမတတ်မှုတွေက အားရစရာပါ။

 

 စက်တင်ဘာ ၁၆ ရက်က ပြုလုပ်ခဲ့တဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေးမှာ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်ကလည်း တိုင်းဒေသကြီးနှင့် ပြည်နယ် စီမံခန့်ခွဲမှု အဖွဲ့များအနေဖြင့် ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ရာတွင် သန့်ရှင်းသော သောက်သုံးရေ ရရှိရေး၊ ကျန်းမာရေးနှင့်ညီညွတ်ပြီး အာဟာရဖြစ်စေမည့် အစားအသောက်များ ရရှိစေရေး ဆောင်ရွက်ပေးသွားရန်၊ ဒေသအလိုက်ဖွဲ့စည်း ထားသည့် စီမံခန့်ခွဲမှုအဖွဲ့မှ တာဝန်ရှိသူများက ရေဘေးသင့်ဒေသရှိပြည်သူများအား သွားရောက် အားပေးစကားပြောကြားပြီး လိုအပ်ချက်များကို အဓိကထား၍ ပံ့ပိုးပေးသွားရန်၊ နိုင်ငံပိုင်ရုံးဌာန အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှု၊ လူနေအိမ်များနှင့် အခြားအဆောက်အအုံများ ပျက်စီးဆုံးရှုံးမှု၊ လယ်ယာမြေများ ရေကြီးနစ်မြုပ်မှုနှင့် တိရစ္ဆာန်သေဆုံးမှုတို့ကို စာရင်းကောက်ယူရေးအဖွဲ့ ဖွဲ့စည်းပြီး မှန်မှန်ကန်ကန် စာရင်းကောက်ယူရန် လမ်းညွှန်မှာကြားခဲ့ပါတယ်။

 

ဒါ့အပြင် စက်တင်ဘာ ၂၀ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးကလည်း ရေကြီးနစ်မြုပ်မှုဒဏ်ခံရသည့် ဒေသများရှိ ကျေးလက်နေပြည်သူများအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား ထိခိုက်ပျက်စီးဆုံးရှုံးမှုအပေါ်မူတည်၍ ဦးစားပေး အဆင့်သတ်မှတ်ကာ တစ်ဆင့်ချင်း စနစ်တကျ ဆောင်ရွက်ပေးသွားကြရန်၊ ရေကြီးနစ်မြုပ်သည့်ဒေသများရှိ ပြန်လည်စိုက်ပျိုးနိုင်သော ဧရိယာ များတွင် သီးနှံများ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် နီးစပ်ရာ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာ ဦးစီးဌာနရုံးများသို့ ဆက်သွယ်ဆောင်ရွက်နိုင်သည်ကို တောင်သူများသိရှိအောင် ကျယ်ကျယ်ပြန့်ပြန့် အသိပေးထားရန်၊ ပြန်လည်ဆောင်ရွက်ပေးရမည့် အစီအမံများ တင်ပြဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးဆုံးဖြတ်ခဲ့ပြီး ဆောင်ရွက်လျက်လည်း ရှပြီ ဖြစ်ပါတယ်။

 

 

ဝန်ကြီးဌာနအနေဖြင့် ချက်ချင်းပြင်ဆင်၍ရ သည့်လမ်း၊ တံတားလုပ်ငန်းများ၊ ရေပေးရေး (တွင်း ဆေး၊ တွင်းမှုတ်) လုပ်ငန်းများအား ချက်ချင်းသွား လာ သုံးစွဲနိုင်အောင် ပြင်ဆင်ဆောင်ရွက်ပေးလျက် ရှိရာ အောက်တိုဘာ ၁၀ ရက်အထိ လမ်းနေရာ ၄၉ ခု၊ ၂၃မိုင် ၄.၂၇ ဖာလုံ၊ တံတား ၂၂ စင်း၊ ၂၁၀၂ ပေ ပြင်ဆင်ပြီးစီးခဲ့ပြီး တွင်းဆေး၊ တွင်းမှုတ်လုပ်ငန်း များအနေနဲ့ ဌာနအစီအစဉ်ဖြင့် ၄၆၇၄ တွင်း၊ အခြား ကိုယ်ထူကိုယ်ထ/ ပရဟိတအစီအစဉ်ဖြင့် ၃၃၄၄ တွင်း၊ စုစုပေါင်း ၈၁၁၈ တွင်း ဆောင်ရွက် ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ရေကြီးနစ်မြုပ်ဒေသတွေကို စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေး ဆောင်ရွက် လျက်ရှိရာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်တင်ဘာ ၁၉ ရက်တွင် ရမည်းသင်း၊ ပျော်ဘွယ်မြို့နယ်များသို့လည်းကောင်း၊ အောက်တိုဘာ ၂ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) သို့လည်းကောင်း သွားရောက်ခဲ့ပြီး ဆန်၊ ဆီ၊ စားသောက်ကုန် များ ထောက်ပံ့ပေးခဲ့သလို ရေသန့်စင်ကားဖြင့် သောက်သုံးရေပေးဝေခြင်း၊ ဟိုပုံးမြို့နယ်ရှိ ကျေးရွာ ၁၆ ရွာအတွက် ရေပေးရေးလုပ်ငန်းများ ပြုပြင် ဆောင်ရွက်ရန် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ရန်ပုံငွေ ကျပ်သန်း ၁၅၀ စီ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါတယ်။

 

ပူးပေါင်းပါဝင်ဆောင်ရွက်သူများ၏ အခန်းကဏ္ဍ

ဒီနေရာမှာ အလှူရှင်တွေ၊ ကယ်ဆယ်ရေးအဖွဲ့ တွေရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးတာ တွေ့ရပါတယ်။ စီမံခန့်ခွဲတဲ့ ဒေသအလိုက်၊ မြို့နယ်အလိုက် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီရဲ့ ကြီးကြပ်မှုဟာ အရေးကြီးတာ တွေ့ရပါတယ်။ အားတွေကို စုစည်းခြင်း၊ လိုအပ်ချက် ဖော်ထုတ်ခြင်း၊ အရေးပေါ် ကယ်ဆယ်ခြင်း၊ နေရာချထားခြင်းတို့အပြင် နေထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေး အစစအရာရာ စီစဉ်ပေးရတာဖြစ်ပါတယ်။ ကွင်းဆင်းတော့ အလှူရှင်တွေ တဖွဲဖွဲရောက်ရှိလာပြီး စားစရာနဲ့ သောက်ရေလှူနေတာတွေ ကြည်နူးဝမ်းမြောက်ဖွယ် တွေ့မြင်ရပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းလုပ်နေတဲ့ အဖွဲ့တွေမှာ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ အရပ်ဘက်လူမှုကယ်ဆယ်ရေးအဖွဲ့တွေပါဝင်ပြီး အားကြိုးမာန်တက် တက်ညီလက်ညီ ဆောင်ရွက်နေကြတာ အားရဖွယ်တွေ့မြင်ရပါတယ်။ သူရဲကောင်း တွေအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။

 

ပြန်လည်သုံးသပ်သင်ခန်းစာယူသင့်

ယခင်နှစ်ပေါင်းများစွာက မဖြစ်ခဲ့ဖူးတဲ့ ယခုလို သဘာဝဘေးမျိုး မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ နေပြည်တော်ဧရိယာမျိုးမှာ “ဘာကြောင့်ဖြစ်ပေါ်ခဲ့ရသလဲ၊ ဘာကြောင့်ရေကြီးရသလဲ စသည်ဖြင့် အကြောင်းရင်းတွေကို ပြန်လည်သုံးသပ် သင်ခန်းစာယူကြရမှာဖြစ်ပါတယ်။ သို့မှသာ ကြိုတင်ပြင်ဆင်မှု လုပ်နိုင်မှာ ဖြစ်ပါတယ်။ “ကြိုတင်သိရှိခဲ့သလား၊ ကြိုတင်ပြင်ဆင်ခဲ့သလား၊ ဘာကြောင့် မသိတာလဲ၊ ဘာကြောင့် မပြင်ဆင်နိုင်ခဲ့တာလဲ၊ အဆောက်အအုံ၊ လမ်း၊ တံတား ဘယ်လောက်ပျက်စီးခဲ့လဲ၊ ဘာကြောင့်ပျက်စီးခဲ့လဲ၊ ထိခိုက်ပျက်စီးမှု ဘယ်လောက်ကြီးမားလဲ၊ လူသေဆုံးမှု ဘယ်လောက်ရှိသလဲစတဲ့အချက်တွေကို ပြန်လည်သုံးသပ်ကြရ ပါမယ်။

 

အခြေခံအဆောက်အအုံကဏ္ဍမှာ အရေးကြီးတဲ့ ကျောင်းတွေ၊ ရေစီးသန်ချောင်းတွေ...သဘာဝဘေး ကြုံတတ်တဲ့ချောင်းတွေနဲ့ ဆက်စပ်လမ်း၊ တံတားတွေကို သဘာဝဘေးဒဏ်ခံနိုင်တဲ့ ဒီဇိုင်းတွေ လုပ်သင့်ပါတယ်။

 

(ဆက်လက်ဖော်ပြပါမည်)