စုပေါင်းအင်အားများဖြင့် လက်တွဲကြိုးပမ်း

၃  ဖေဖော်ဝါရီ

ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် Football for schools program ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၃၁ ရက်နေ့က ရန်ကုန်မြို့ သုဝဏ္ဏမြက်ခင်းတုကွင်း၌ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အားကစားစိတ်ဓာတ်ဖြင့် စုပေါင်းညီညွတ်သည့်စိတ်ဓာတ် ပြုစုပျိုးထောင်ရေးနှင့် စပ်လျဉ်း၍ ပြောကြားခဲ့သည်။

အားကစားသည် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်သာမက စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ရေးအတွက်ပါ အရေးပါသည့် ကဏ္ဍဖြစ်သည်။ အားကစားကဏ္ဍတွင် အားကစားနည်းအမျိုးမျိုးရှိရာ ဘောလုံးအားကစားနည်းသည် ပြိုင်ပွဲအောင်မြင်မှုရရှိရေးအတွက် အသင်းအဖွဲ့ စိတ်ဓာတ်အပြည့်အ၀ဖြင့် အချင်းချင်း ညီညီညွတ်ညွတ် အချိတ်အဆက်မိမိ ရေကုန်ရေခန်း မလျှော့တမ်း ကစားရသော အားကစားနည်းဖြစ်သလို အားပေးသူပရိသတ်အပေါင်းတို့ကို စိတ်ဓာတ်တက်ကြွမှု အပြည့်အ၀ပေးနိုင်သည့် အားကစားနည်း ဖြစ်သည်။

ဘောလုံးအသင်းတစ်သင်း အောင်မြင်မှုရရှိရေးအတွက် တစ်ဦးချင်း၊ တစ်ယောက်ချင်း အင်အားကိုယ်စီ ရှိရမည်ဖြစ်သလို တစ်ဦးချင်း၊ တစ်ယောက်ချင်းစီ၏ အရည်အချင်းများကိုတစ်ဦးချင်း၊တစ်ယောက်ချင်းက လေးစားအသိအမှတ်ပြုရမည်ဖြစ်သည်။ တစ်ဦးကောင်း၊ တစ်ယောက်ကောင်း စိတ်ဓာတ်ဖြင့် ဘောလုံးအသင်းတစ်သင်းမှာ အောင်မြင်မှုရမည်မဟုတ်ဘဲ အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုကို ရယူနိုင်မည် ဖြစ်သည်။ ဘောလုံးအားကစားပြိုင်ပွဲကဲ့သို့ အောင်မြင်မှုရယူနိုင်ရန်အတွက် လူငယ်လူရွယ်များသာမက ပြည်သူအပေါင်း စိတ်ဓာတ်ခွန်အား  မြင့်မားလာအောင် ဆောင်ကြဉ်းပေးရမည် ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် အဘက်ဘက်တွင် အောင်မြင်မှုရရှိရေးကြိုးပမ်းရရာ၌ ဘောလုံးကစားခြင်းနှင့် အလားတူသည်။ တိုင်းပြည်ကောင်းရာကောင်းကျိုး လုပ်ကိုင်ကြသူတို့အနေဖြင့် အချင်းချင်းအပေးအယူအချိတ် အဆက်မိမိနှင့် ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြမည်ဆိုလျှင် မိမိတို့မျှော်မှန်းထားသည့် ရည်မှန်းချက် ပန်းတိုင်သို့ရောက်ရှိကာ ပရိသတ်ပြည်သူအပေါင်းတို့အနေဖြင့်လည်း စိတ်ဓာတ်တက်ကြွလန်းဆန်းကြပြီး ရည်မှန်းချက်ပန်းတိုင်သို့ အတူလက်တွဲတက်လှမ်းနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘ၁သာပေါင်းစုံ၊ ဓလေ့ထုံးစံပေါင်းစုံတို့ဖြင့် စုပေါင်းဖွဲ့စည်းထားသော ပြည်ထောင်စုအသင်းတစ်သင်းနှင့် အလားတူသည်။ ဘောလုံးအသင်းတစ်သင်းတွင် မတူကွဲပြားသော နေရာဒေသမှ မတူကွဲပြားသော လူအမျိုးမျိုးဖြင့် ဖွဲ့စည်းသည်။ ထိုလူအမျိုးမျိုး ပါဝင်ဖွဲ့စည်းထားသော အသင်းတွင် ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်း၊ ဂိုး၊အသင်းခေါင်းဆောင်၊ နည်းပြဟူ၍သူ့နေရနှင့်သူ ထူးချွန်သူများဖြင့် စုပေါင်းဖွဲ့စည်းကာ နည်းစနစ်ကျကျ၊ အကွက်မှန်မှန်၊ တိုက်စစ်၊ ခံစစ်ကောင်းကောင်းဖြင့် အောင်ပွဲရအောင် ထိုးဖောက်ကစားကြသည်။ ကစားသမားအချင်းချင်း ခွဲခြားဆက်ဆံခြင်း အလျှင်းမရှိဘဲ သူ့နေရာနှင့်သူ၊ သူ့အားသာချက်နှင့်သူ တစ်ဦးနှင့်တစ်ဦး တန်ဖိုးထား လေးစားကာ ယှဉ်ပြိုင်ခြင်းဖြင့် အောင်မြင်မှုကိုယူကြရသည်။

တိုင်းရင်းသားပေါင်းစုံဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုကြီးတွင် တိုင်းရင်းသား လူမျိုးအချင်းချင်း နားလည်မှုရှိဖို့၊ အချင်းချင်းပူးပေါင်းဆောင်ရွက်ဖို့၊ အချင်းချင်းခွဲခြားဆက်ဆံခြင်းမရှိဖို့ အထူးအရေးကြီးသည်။

ဘောလုံးအောင်မြင်မှုအတွက် စုပေါင်းညီညွတ်သောစိတ်ဓာတ်များ ပျိုးထောင်ကြရသလို တိုင်းပြည်ရည်မှန်းချက် အောင်မြင်ရေးအတွက် စုပေါင်းညီညွတ်သည့် စိတ်ဓာတ်များလည်း ပျိုးထောင်ရမည်ဖြစ်သည်။ လူတိုင်းလူတိုင်းတွင် အားသာချက်များရှိသလို အားနည်းချက်များလည်း ရှိမည်ဖြစ်ရာ တစ်ဦးနှင့်တစ်ဦး ဖေးမကူညီခြင်း၊ ရိုင်းပင်းခြင်း၊ အလေးထား အသိအမှတ်ပြုခြင်းဖြင့်အောင်မြင်မှုကိုရယူရမည်ဖြစ်သည်။ တစ်ဦးကောင်း တစ်ယောက်ကောင်း စိတ်ဓာတ်တစ်ခုတည်းဖြင့်အောင်မြင်မှုရမည်မဟုတ်၍ စုပေါင်းညီညွတ်မှု စွမ်းအားကို ပျိုးထောင်ပြီး အောင်မြင်မှုကိုရယူရမည် ဖြစ်သည်။

သို့ဖြစ်ရာ တိုင်းရင်းသားပေါင်းစုံဖြင့် စုပေါင်းဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံကြီး ဒီမိုကရေစီ ဖက်ဒရယ် ရည်မှန်းချက်ပန်းတိုင်သို့ ရေကျောက်ရှိရေးအတွက် စည်းလုံးညီညွတ်မှုရှိသော အသင်းအဖွဲ့ စိတ်ဓာတ်နှင့် စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးနိုင်မည့် ဘောလုံးအားကစားနည်းကဲ့သို့ တိုင်းရင်းသားအသင်းသားများ တစ်ဦးချင်း၊တစ်ယောက်ချင်း၊ တစ်စုချင်း ၏ အရည်အချင်းများကိုပေါင်းစု၍ တက်ညီလက်ညီ အားတက်သရေ ဝိုင်းဝန်းကြိုးပမ်းကြရန် အလေးအနက်တိုက်တွန်းအပ်ပါသည်။ ။

ကြေးမုံ