စုပေါင်းအင်အားဖြင့်ရင်ဆိုင်တုံ့ပြန်

၈   မေ

 

 

မိုးကြိုကာလတွင် ကျရောက်တတ်သည့် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်တုံ့ပြန်နိုင်ရန် သဏ္ဌာန်တူ သရုပ်ပြ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြသည်။ မုန်တိုင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်များနှင့် အမှန် တကယ် ကြုံတွေ့လာရပါက လုပ်သင့်လုပ်ထိုက်သည်များကို ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် လုပ်ကိုင်ဆောင်ရွက်ကြခြင်း အားဖြင့် သဘာဝ ဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားရမှုများ လျော့ပါးသက်သာကြစေရန် ရည်ရွယ်ခြင်းလည်းဖြစ်သည်။

 

စင်စစ်အားဖြင့် ရာသီဥတုနှင့် မိုးလေဝသဆိုင်ရာ သဘာဝဘေး အန္တရာယ်များက ကမ္ဘာနှင့်တစ်ဝန်းလုံးတွင် ပိုမို၍ ပြင်းထန်စွာ၊ ကြမ်းတမ်း စွာ ဖြစ်ပေါ်လာနေသည်ဟု ပညာရှင်များက ပြောကြားကြသည်။ နိုင်ငံတကာ သတင်းတစ်ပုဒ်တွင် မိမိတို့၏ အိမ်နီးချင်းနိုင်ငံတစ်ခု၌ အင်အားပြင်း မုန်တိုင်းများ တစ်ခုပြီးတစ်ခု တိုက်ခတ်ခြင်းနှင့် မိုးကြိုးအကြိမ် ၄၀ဝ၀ ကျော် ပစ်ခတ်ခဲ့ခြင်းတို့ကြောင့် လူ ၁၄၀ ကျော် သေဆုံးခဲ့ရကြောင်း ဖော်ပြခဲ့သည်။ မိမိတို့ နိုင်ငံအနေဖြင့်မူ လွန်ခဲ့သော ၁၀ နှစ်တာကာလက ရင်ဆိုင်ခံစားခဲ့ရသည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူဦးရေ သိန်းနှင့်ချီ၍ သေကျေပျက်စီးခဲ့ရပြီး ဘီလီယံနှင့်ချီသော ထိခိုက်ဆုံးရှုံးမှုကို ခံစားရကာ သင်ခန်းစာလည်း ရခဲ့ပြီးဖြစ်သည်။

 

သို့ဖြစ်သည့်အလျောက် သဘာဝ ဘေးအန္တရာယ်ဖြစ်စဉ်များနှင့် ရင်ဆိုင်ကြုံတွေ့ရချိန်တွင် လျော့ပါးသက်သာစေရေးအတွက် ဒီရေတောစိုက်ခင်းများ ပြန်လည်ပျိုးထောင် စိုက်ပျိုးခြင်းကဲ့သို့သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုများအပေါ် စိတ်ပါဝင်စားစွာ ပြုလုပ်လာကြခြင်း၊ မုန်တိုင်းတိုက်ခတ်ပါက ကြိုတင် တိမ်းရှောင်နိ်ုင်ရန်အတွက် လမ်းတံတား ကွန်ရက်များ ဖောက်လုပ် ဆက်သွယ်ခြင်း၊ မုန်တိုင်းဒဏ်ခံအဆောက်အအုံများ ဆောက်လုပ်ခြင်း၊ မုန်တိုင်းတိုက်ခတ်လာပါက သတိပေးခြင်း၊ တိမ်းရှောင်ခြင်း၊ ကယ်ဆယ်ခြင်း စသည်တို့ကို သဏ္ဌာန်တူ ဇာတ်တိုက်ဆောင်ရွက်ခြင်းတို့  ဆောင်ရွက်ကြရခြင်း ဖြစ်သည်။ သဘာဝတရားနှင့် လူသားတို့အကြား ရင်ဆိုင်ယှဉ်ပြိုင်ကြရမည့် တိုက်ပွဲမှာ နှစ်စဉ် သည်အချိန် သည်ကာလရောက်တိုင်း မျှော်လင့်ထားရမည့် ကိစ္စများ ဖြစ်လာနေပြီဖြစ်ရာ “စစ်မရောက်မီ မြားချွန်” ဆိုသည့် စကားပုံကဲ့သို့ပင် ဖြစ်မလာမီကပင် ကြိုတင်ပြင်ဆင်ထားကြရမည်သာ ဖြစ်သည်။ များများလေ့ကျင့်သည်နှင့်အမျှ ထိခိုက်ခံစားရမှုလျော့နည်း သက်သာစေမည်ဖြစ်သည်။ သဘာဝဘေးကို ရင်ဆိုင်ခြင်းသည် တစ်ဦးချင်း၊ တစ်ယောက်ချင်း ရင်ဆိုင်၍မရ။ “စုပေါင်းအင်အား”ဖြင့်သာလျှင် ရင်ဆိုင်နိုင်ကြမည် ဖြစ်သည်။

 

စုပေါင်းအင်အားဖြင့် ကြိုတင်ကာကွယ်ခြင်း၊ ဘေးအန္တရာယ်ကျရောက်ချိန်တွင်လည်း စုပေါင်းအင်အားဖြင့် အပြန်အလှန်ဖေးမခြင်း၊ ကရုဏာတရားဖြင့် စောင့်ရှောက် ကူညီခြင်းတို့ဖြင့်သာ သဘာဝဘေးတို့ လျော့ပါးသက်သာစေနိုင်မည်ဖြစ်ရာ အသိ၊ သတိတို့ဖြင့် စောင့်ကြည့်ရင်ဆိုင် နိုင်ကြပါစေကြောင်း။ ။

 

မြန်မာ့အလင်း (အယ်ဒီတာ့အာဘော်)