ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်

နေပြည်တော်၊ ၁၇  ဒီဇင်ဘာ

ဒစ်ဂျစ်တယ် နည်းပညာဖြင့် e-Commerce စနစ်ကို အသုံးပြု၍ ကုန်စည်နှင့် ဝန်ဆောင်မှု လုပ်ငန်းများတွင် လက်တွေ့ရောင်းချ၊ ဝယ်ယူမှုအခြေအနေနှင့် ပတ်သက်ပြီး ဗဟုသုတမျှဝေပေးမည့် ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒီဇင်ဘာ ၁၇ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့ရာ ပြည်သူများသိရှိနိုင်ရန် အတွက် ပြန်လည်ဖော်ပြလိုက်ပါ သည်။

အစီအစဉ်မှူး။   ။ မိရိုးဖလာစီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေရင်းက ဒစ်ဂျစ်တယ် နည်း ပညာဖြစ်တဲ့ e-Commerce စနစ်နဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ဘယ်လိုလက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်သလဲဆိုတဲ့ အကြောင်းအရာတွေကို ဆွေးနွေးမယ့် ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အစီအစဉ်ကနေ ကြိုဆိုပါတယ်။

ယနေ့ဆွေးနွေးပွဲတွင် Flexible Pass မှ Founder & CEO ဦးထက်အောင်လတ်(Sully)နဲ့ ဒစ်ဂျစ်တယ်ကဝေအေဂျင်စီမှ အမှုဆောင်ဥက္ကဋ္ဌ ဒေါ်စန္ဒီစိန်သိဏ်းတို့က ပါဝင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ပထမဦးဆုံး မေးခွန်းအနေနဲ့ e-Commerce စနစ်နဲ့ သွားမယ်ဆိုရင် ဘယ်လိုကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ဒီနေရာမှာရောင်းချနိုင်တယ်ဆိုတာကို ဦးထက်အောင်လတ်(Sully)က ဆွေးနွေး မျှဝေပေးပါဦး။

ဦးထက်အောင်လတ်(Sully)။     ။  e-Commerce စနစ်မှာ ရောင်းချလိုတဲ့ ကုန်ပစ္စည်းတွေက ၃ မျိုးရှိ ပါတယ်။ ပထမတစ်ခုက လက်နဲ့ကိုင်တွယ်လို့ရတဲ့ပစ္စည်းတွေ ဉပမာ စာအုပ်တို့၊ ဖိနပ်တို့၊ အင်္ကျီအဝတ်အစားတို့၊ လူသုံးကုန်ပစ္စည်းတွေကို ဆိုင်တွေနဲ့ အပြင်မှာရောင်းသလိုမျိုး အွန်လိုင်းကနေ၊ e-Commerce ကနေ တစ်ဆင့်ရောင်းချလို့ရပါတယ်။

ဒုတိယ တစ်ခုက ဝန်ဆောင်မှုတွေ ဖြစ်ပါတယ်။ လက်မှတ်ရောင်းတာ အပါအဝင် အခြား ဝန်ဆောင်မှုတွေကို အပြင်မှာရောင်းသလိုမျိုး e-Commerce မှာ အလွယ်တကူရောင်းလို့ရပါတယ်။ တတိယ တစ်ခုက တေးဂီတ၊ ဗီဒီယို၊ ဓာတ်ပုံနဲ့ အွန်လိုင်းသင်တန်းတွေကိုလည်း e-Commerce က နေတစ်ဆင့် ရောင်းချလို့ရပါတယ်။ အဓိက ကွာခြားတာက သုံးစွဲသူတွေအနေနဲ့ e-Commerce ကနေ ဝယ်ယူခြင်းဖြင့် အပြင်မှာလို တကူးတကသွားပြီး ကြည့်နေစရာမလိုဘဲ အွန်လိုင်းက တစ်ဆင့် အလွယ်တကူရှာဖွေပြီး၊ အသေးစိတ်အချက်အလက်တွေကိုကြည့်ရှုပြီး စိတ်ကြိုက်ဝယ်ယူရရှိနိုင်ပါ တယ်။

အစီအစဉ်မှူး။   ။ e-Commerce စနစ်ကနေ ဈေးဝယ်မယ်ဆိုရင် ဝက်ဘ်ဆိုက်တွေကို ဝင်တဲ့အခါ သတိပြုရမယ့် ဆောင်ရန်၊ ရှောင်ရန်အချက်တွေရှိရင်လည်း ဒေါ်စန္ဒီစိန်သိဏ်းက မျှဝေပေးပါဦး။

ဒေါ်စန္ဒီစိန်သိဏ်း ။                    ။           ဒီနေ့ခေတ်မှာ ဝယ်လို့ရတဲ့ပစ္စည်းတွေက အတော်ကို များလာပါတယ်။ အရင်တုန်းက ပစ္စည်းတွေ လိုချင်တယ်ဆိုရင် နိုင်ငံခြားကနေမှာ ယူရပါတယ်။ လူကြုံရှိရင် မှာယူရပါတယ်။ ကိုယ်တိုင် သွားယူရတာလည်း ရှိပါတယ်။ အခုဆိုရင် ကုန်ပစ္စည်းတွေကို e-Commerce အသုံးပြုပြီး အိမ်တိုင်ရာရောက် ရောက်လာတဲ့စနစ်တွေ ဖြစ်လာတယ်။

ဆောင်ရန်၊ ရှောင်ရန် ဆိုတာထက် ဒီမှာတစ်ခုစဉ်းစားရမှာက အခုအချိန် ပြည်တွင်းမှာ ရောင်း နေကြတဲ့ e-Commerce Platform တွေရှိတဲ့အခါ သတိထားစေချင်တဲ့ ဆောင်ရန်၊ ရှောင်ရန် အချက်တွေကို ပြောရမယ်ဆိုရင် အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ နိုင်ငံခြားကနေ ဝယ်လို့ရတဲ့ အဆင့်တွေ ဖြစ်လာပါတယ်။ အိမ်တိုင်ရာရောက်ကို ရောက်လာပါတယ်။

များသောအားဖြင့် ဝယ်ကြတဲ့ ဘဏ်ငွေပေးချေစနစ်တွေကလည်း ပြောင်းလဲလာပါတယ်။ MPU ကတ်တွေနဲ့ Visa ကတ်တွေကို သုံးလာကြပါတယ်။ ကျွန်မကိုယ်တိုင်လည်း လုပ်ငန်းအတွက် လိုအပ်တဲ့ပစ္စည်းတွေကို အတော်ဝယ်ဖြစ်ပါတယ်။ ဥပမာ - Web Camera လိုမျိုး ဝယ်တယ်ဆိုရင် နိုင်ငံခြားဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ AlliExpress ကိုပြောချင်ပါတယ်။ တချို့ဈေးရောင်းတဲ့ ဝက်ဘ် ဆိုက်တွေက ရှင်းပါတယ်။ သူက ဘယ်လိုလဲဆိုတော့ ဈေးသည်နဲ့ ဈေးဝယ်ပဲ ရှိပါတယ်။ ဈေးသည် တစ်ဦးတည်းက သူ့ရဲ့ဝက်ဘ်ဆိုက်မှာ ဆိုင်လိုမျိုး တင်ရောင်းတာမျိုးပါ။

AlliExpress က Market Place ဈေးလို ဖြစ်ပါတယ်။ ဈေးမှာဆိုရင် ဈေးသည်တွေ အများကြီး ရှိတယ်။ အဲဒီအထဲက ကိုယ်ကြိုက်တာ ရွေးဝယ်ရတယ်။ အဲဒါတွေက အွန်လိုင်းပေါ် ရောက်လာတယ်။ ဆင်တူပစ္စည်းတွေကို ရောင်းနေတဲ့ဈေးသည်တွေလည်း အများကြီးရှိပါတယ်။ ဒီတော့ ကိုယ်လိုချင်တဲ့ ပစ္စည်း ရောင်းတဲ့ဈေးသည်ကို ကြည့်ရမယ်။

လူတွေ ဈေးသွားဝယ်ရင် အရင်ဆုံးကြည့်တာက ဈေးနှုန်းဖြစ်ပါတယ်။ ဈေးသက်သာတာကို ဝယ်ကြတယ်။ ဒါပေမယ့် ဈေးသက်သာတာက အတုတွေလည်း ဖြစ်ရင်ဖြစ်မယ်၊ အရည်အသွေး မကောင်းတာလည်း ဖြစ်နိုင်တယ်။ အဲဒီအခါကျတော့ သူတို့ရဲ့ Order ကုန်ပစ္စည်းအမှာစာ ဘယ်လောက်ရထားပြီးပြီလဲ။ အဲဒီနံပါတ်ကို ကြည့်လိုက်မယ်ဆိုရင် ဒီဈေးသည်က တကယ်မှန်တဲ့အတွက် သူ့ရဲ့ပစ္စည်းကို မှာတဲ့သူများတာ ဖြစ်တယ်။

ပြီးတော့ Sold ဆိုတာ တစ်ခုရှိတယ်။ ဘယ်လောက်ရောင်းပြီးသွားပြီလဲ ဆိုတာကို ကြည့် ခြင်းအားဖြင့် တကယ်အဆင်ပြေတဲ့ပစ္စည်းမို့ ရောင်းရတာဖြစ်တယ်။ တချို့ကျတော့ ဈေးက သက်သာပေမယ့် ရောင်းရတာက ၁ ခု / ၂ ခုတို့ ဖြစ်နေတတ်တယ်။ အဲဒါမျိုးဆိုရင် မယူစေချင်ဘူး။

အဲဒီမှာ ကုန်ပစ္စည်းကို ဝင်ကြည့်လို့ ရပါတယ်။ Sold နဲ့ Order ကို ကြည့်ပြီးရင် နောက် တစ်ခုထပ်ပြီး ကြည့်စေချင်တာက Review ကို ကြည့်စေချင်ပါတယ်။ Review ကို ကြည့်လိုက်ခြင်း ဖြင့် ကမ္ဘာအရပ်ရပ်က မှာထားတဲ့သူတွေရဲ့ တုံ့ပြန်ချက်တွေ၊ ကုန်ပစ္စည်းအပေါ် သူတို့ရဲ့ သုံးသပ်ချက်တွေကို ကြည့်ပြီးမှ ရွေးချယ်သင့်ပါတယ်။

နောက်တစ်ခု သတိထားရမှာက မြန်မာနိုင်ငံမှာလို Delivery ပဲရှိတာ မဟုတ်ဘူး။ သူက Shipping နဲ့ ပစ္စည်းက အဝေးကနေ လာတာဖြစ်တဲ့အတွက် ပစ္စည်းဝယ်လိုက်တဲ့တန်ဖိုးက ၄ ဒေါ်လာ / ၅ ဒေါ်လာတန် ဒါပေမယ့် မြန်မာနိုင်ငံရောက်ဖို့ကို Shipping Fees ကုန်ကျစရိတ်က ၁၀ ဒေါ်လာ လောက်ပေးရရင် အဲဒီပစ္စည်းက မလိုအပ်ဘဲ ကုန်ကျစရိတ် အရမ်းများသွားနိုင်ပါတယ်။ ဒီတော့ Shipping ကိုကြည့်ပါ။ သူမှာ အဆင့်ဆင့်ရှိပါတယ်။ သင်္ဘောနဲ့ဆိုရင် ဘယ်လောက်ကုန်မလဲ၊ လေယာဉ်နဲ့ဆိုရင် ဘယ်လောက်ကုန်မလဲ ရွေးလို့ရပါတယ်။ အချိန်ကလည်း သူတို့သွားတဲ့အပေါ်မှာ မူတည်ပြီး တစ်လ၊ လစ်လခွဲ ကြာတတ်ပါတယ်။

များသောအားဖြင့် ကျွန်မဝယ်ယူတဲ့ပစ္စည်းဆိုရင် အချိန်တစ်လခွဲလောက် အချိန်ပေးလေ့ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Shipping Fees ကို ပိုပြီးနည်းစေချင်လို့ ဖြစ်ပါတယ်။ သေချာ ကြည့်ရမှာက ကိုယ်က ဘဏ်စနစ်နဲ့ ငွေပေးချေမယ်ဆိုရင် ကိုယ့်နိုင်ငံက ကတ်တွေနဲ့ အဆင်ပြေရဲ့ လားဆိုတာကို ကြည့်ရမယ်။

အဓိက အွန်လိုင်းဈေး Marker Place မှာ ဝယ်တယ်ဆိုရင် သတိထားစေချင်တာက ကုန်ပစ္စည်း ရောင်းချထားမှုအခြေအနေနဲ့ ဒီကုန်ပစ္စည်းအပေါ်သုံးသပ်ချက်တွေကို ကြည့်စေချင်ပါတယ်။ ဒီအ တိုင်းဝယ်လိုက်မယ့်အစား အကုန်လုံးကို သေသေချာချာဖတ်ပြီးမှ ဝယ်သင့်ပါတယ်။ လက်ထဲမှာ ပစ္စည်းရောက်လာပြီးမှ ဒါကိုပြန်ပို့ဖို့၊ ပြန်လဲဖို့ဆိုရင် အကုန်အကျ များသွားနိုင်ပါတယ်။ ပြီးရင် ဆိုင်မှာသွားပြီး ပြန်ပြောလို့ရတဲ့အရာ မဟုတ်တော့ Market Place လို e-Commerce ကနေ ဝယ်ယူ တော့မယ်ဆိုရင် ဒါတွေကို ပိုပြီးသတိထားစေချင်ပါတယ်။

အစီအစဉ်မှူး။   ။           အွန်လိုင်းကနေ e-Commerce စနစ်နဲ့ စတင်ပြီးဈေးဝယ်မယ့်သူ တစ်ယောက် ဘယ်လိုအဆင့်ဆင့် သွားရသလဲဆိုတာကို ဗဟုသုတအနေနဲ့ မျှဝေပေးပါဦး။

ဦးထက်အောင်လတ်(Sully)။     ။           e-Commerce စနစ်ကနေ ဈေးဝယ်မယ်ဆိုရင် အလွယ် အကူဆုံး အဆင့် ၈ ဆင့် ရှိပါတယ်။ သုံးစွဲသူတွေကို ဘယ်လိုဝယ်ရမလဲ ကျွန်တော့်အနေနဲ့ ရှင်းပြပေးပါမယ်။ ပထမအဆင့်အနေနဲ့ သုံးစွဲသူတွေက သူတို့ဝယ်ယူလိုတဲ့ကုန်ပစ္စည်းကို ရောင်းချတဲ့ e-Commerce ဝက်ဘ်ဆိုက် သို့မဟုတ် မိုလ်ဘိုင်းအက်ပလီကေးရှင်းကို ကွန်ပျူတာ သို့မဟုတ် ဖုန်းက နေသွားပြီး ဝယ်ယူလိုတဲ့ ကုန်ပစ္စည်းအမျိုးအစားတွေကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

အင်္ကျီတွေ၊ ဖိနပ်တွေ၊ စားသောက်ကုန်ပစ္စည်းတွေ ဝယ်မလား ဒါမှမဟုတ် လူသုံးကုန်တွေ ဝယ်မလား။ ကျွန်တော် ဒီနေ့ရှင်းပြပေးသွားမှာက ကျောပိုးအိတ်တစ်လုံးကို ပြည်တွင်း e-Commerce ဝက်ဘ်ဆိုက်မှာ ဝယ်တဲ့နည်းကို အဆင့်ဆင့် ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။ ပထမအဆင့်အနေနဲ့ ကိုယ်ဝယ်ချင်တဲ့ဆိုင်ရဲ့ ဝက်ဘ်ဆိုက် သို့မဟုတ် မိုလ်ဘိုင်းအက်ပလီကေးရှင်းကို အရင်ဆုံးဝင်ရပါ မယ်။

ဒုတိယအဆင့်အနေနဲ့ ဝယ်ယူလိုတဲ့ ပစ္စည်းအမျိုးအစားကိုရွေးပြီး ကိုယ်ဝယ်ချင်တဲ့ ပစ္စည်းရဲ့ အသေးစိတ်အချက်အလက်တွေ၊ ဉပမာ - ကျောပိုးအိတ်ဆိုရင် အရောင်တွေ၊  အမျိုးအစားတွေ၊ အရွယ်အစားတွေ၊ ဈေးနှုန်းတွေအပြင် ဈေးအနည်းဆုံးကို ကြည့်မလား၊ ဈေးအများဆုံးကို ကြည့်မလား ဒါမှမဟုတ် နောက်ဆုံးပေါ်ကို ကြည့်မလား၊ လူကြိုက်အများဆုံး စတာတွေကို အဆင့်ဆင့် ရွေးချယ်လို့ရပါတယ်။ သူတို့ရဲ့ အသေးစိတ်အချက်အလက်တွေကို ကြည့်လို့ရပါတယ်။ အပြင်မှာ သွားဝယ်ရင် ကိုင်ကြည့်ပြီး စမ်းသပ်လို့ရတယ်။  အွန်လိုင်းပေါ်မှာ အဲဒီလိုမရဘူး ဒါပေမယ့် အခု နောက်ပိုင်း e-Commerce  ဝက်ဘ်ဆိုက် တော်တော်များများက ဓာတ်ပုံအများအပြားနဲ့ ကိုယ်တိုင် ဆုံးဖြတ်ရ လွယ်ကူအောင် လုပ်ပေးထားပါတယ်။

တတိယအချက်အနေနဲ့ ဝယ်ယူလိုတဲ့ အသေးစိတ်အချက်အလက်တွေကို စိစစ်တဲ့အခါ ပစ္စည်း တစ်ခုထဲ ဒါမှမဟုတ် အရေအတွက်ကို ရွေးချယ်လို့ရပါတယ်။ ပြီးရင်အရောင်က ဘယ်အရောင်ကို လိုချင်တယ်။ Shopping Mall တွေ၊ ဈေးဝယ်စင်တာတွေမှာ သွားဝယ်သလိုမျိုးပါ။ ဒီတစ်ခုတည်း ဝယ်ပြီး ပိုက်ဆံရှင်းမှာလား၊ ဒါမှမဟုတ်ရင် ဒီကျောပိုးအိတ်အပြင် တခြားကျောပိုးအိတ်ကို ဝယ်မလား။ အခြားအသုံးအဆောင်ပစ္စည်းတွေကိုပါ ဝယ်မလားဆိုတာ ရွေးချယ်လို့ရပါတယ်။

ကျောပိုးအိတ်ကို ဝယ်မယ်လို့ရွေးချယ်ပြီးသွားရင် ကိုယ်ပေးပို့စေလိုတဲ့လိပ်စာ၊ ကိုယ့်ရဲ့ အချက် အလက်တွေ၊ နာမည်၊ ဖုန်းနံပါတ်၊ လိပ်စာတွေကိုဖြည့်ပြီး မှန်သလားဆိုတာ နောက်ဆုံးအနေနဲ့ စစ်ရမယ်။ ပစ္စည်းနဲ့ ဈေးနှုန်းက မှန်သလား။ ပို့ခကရော မှန်သလား။ ဈေးဝယ်ကူပွန်တွေ၊ ဈေးလျော့ပေးတဲ့ ကူပွန်တွေရှိရင်လည်း အဲဒီနေရာမှာ ဖြည့်လို့ရပါတယ်။ တိတိကျကျ ဖြည့်ပေးဖို့ လိုပါတယ်။ ဒါမှ လည်း ပစ္စည်းပို့တဲ့သူက အလွယ်တကူရှာလို့ရမှာ ဖြစ်ပါတယ်။ 

အဆင့် ၅ အနေနဲ့ ဘယ်လိုမျိုး ငွေပေးချေမလဲဆိုတာကို ရွေးချယ်ရမှာဖြစ်ပါတယ်။ ပစ္စည်း ရောက်တော့မှ ငွေချေမလား၊ ဒါမှမဟုတ် MPU, Visa နဲ့ Master ကတ်တွေ အသုံးပြုပြီးပေးမလား။ Mobile Wallet တွေကနေတစ်ဆင့် ပေးမလား၊ ဒါမှမဟုတ် ဘဏ်ကလွှဲမလား၊ ကိုယ်အဆင်ပြေတဲ့ ငွေပေးချေမှု နည်းလမ်းကို ရွေးချယ်လို့ရပါတယ်။ ဒီလိုရွေးချယ်ပြီးသွားရင် ကုန်ပစ္စည်းမှာတာကို အတည်ပြုဖို့အတွက် Confirm ခလုတ်ကို နှိပ်ရပါတယ်။

အဆင့် ၆ အနေနဲ့ ကိုယ့်ရဲ့ကုန်ပစ္စည်းဝယ်ယူတာ အောင်မြင်စွာပြီးဆုံးကြောင်းနဲ့ ကိုယ့်ရဲ့ အော်ဒါကိုလက်ခံရရှိကြောင်း ပြေစာထွက်လာပါမယ်။ အဲဒီမှာ အကုန်လုံးပြန်စစ်ကြည့်လို့ ရပါတယ်။ ဟိုဖက်ကလည်း ကုန်ပစ္စည်းအမှာစာကို လက်ခံရရှိပြီးဖြစ်တဲ့အတွက် သတ်မှတ်ထားရက်မှာ ဖြည့်ထားတဲ့ လိပ်စာအတိုင်း လာရောက်ပေးပို့မှာ ဖြစ်ပါတယ်။ ဒါက စတင်ပြီးကြည့်တဲ့အဆင့်ကနေ ဝယ်ယူတဲ့အဆင့်အထိ ပါပါတယ်။

အဆင့် ၇ က ကိုယ်ဝယ်ယူထားတဲ့ ကုန်ပစ္စည်းတွေကို ပြန်စစ်တာဖြစ်ပါတယ်။ ဘယ်နေ့က ဘာဝယ်ယူထားတယ်၊ ဘယ်လိုအိတ်မျိုးဝယ်ထားတယ်၊ ဘာအရောင်၊ အော်ဒါနံပါတ်က ဘယ် လောက်၊ ကိုယ်မှာထားတဲ့ပစ္စည်းက မရောက်သေးဘူးဆိုရင် ဝယ်ထားတဲ့ e-Commerce Store မှာ ဝင်ရောက်ပြီး မေးမြန်းစုံစမ်းလို့ရပါတယ်။ နောက်ဆုံးအဆင့် ၈ က ဒီဟာကို အကြောင်းကြောင်း ကြောင့် မဝယ်ယူတော့ဘူးဆိုရင် အသေးစိတ်အချက်အလက် Order Detail ကိုနှိပ်ပြီး အော်ဒါကို ပယ်ဖျက်နိုင်ပါတယ်။

မြန်မာနိုင်ငံမှာ တော်တော်များများက ပစ္စည်းရောက်မှ ငွေပေးချေတာ ဖြစ်ပါတယ်။ တချို့ စနစ်တွေဖြစ်တဲ့ Mobile Wallet တို့၊ ဘဏ်ကနေ ငွေလွှဲပြီးပေးချေတာတို့ဆိုရင် သူတို့ရဲ့ သတ်မှတ် ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာရပါတယ်။ တချို့က ဝယ်ယူပြီးပစ္စည်းကို ပြန်ပြီး ပယ်ဖျက်တာတွေ လုပ်လို့မရတာတွေလည်း ရှိပါတယ်။ e-Commerce Store က ရတယ်ဆိုရင် ပြန်ပြီးပယ်ဖျက်လို့ရပါတယ်။

အဆင့် ၁ ကနေ အဆင့် ၆ အထိ အွန်လိုင်းကနေ ပစ္စည်းဝယ်ယူတဲ့ နည်းလမ်းတော်တော် များများက ဒီလိုပုံစံနဲ့ ဒီလိုနည်းလမ်းတွေ အတိုင်းပဲဖြစ်ပါတယ်။ နည်းနည်းကွာဟချက်တော့ ရှိပါတယ်။ ဒါပေမယ့် ဒါကတော့ သုံးလို့ရတဲ့ပုံစံ ဖြစ်ပါတယ်။ တော်တော်များများက အပြင်မှာ ဈေးဝယ် သလို ပစ္စည်းရောင်းတဲ့အတန်းကို သွားတယ်။ ကုန်ပစ္စည်းကို ရွေးချယ်တယ်။ ဈေးမှာ ဈေးဝယ် သလိုမျိုးပစ္စည်း ၅ ခု / ၆ ခုလောက်ကို ဈေးခြင်းတောင်းထဲ ထည့်ဝယ်လို့ရသလို တစ်ခုတည်းဝယ်မယ် ဆိုရင်လည်း အဲဒါကိုတန်းပြီး ငွေသွားရှင်းလို့ရပါတယ်။

အားသာချက်တွေက အိမ်ကနေ အလွယ်တကူ ဝယ်လို့ရတယ်။ အပြင်သွားစရာ မလိုဘူး။ နည်းပညာရဲ့ အားသာချက်တွေအရ ပိုပြီးအလွယ်တကူကြည့်လို့ရအောင် သေချာလုပ်ထားပေးတဲ့အတွက် အပြင်မှာဝယ်သလို ဝယ်လို့ရပါတယ်။

အစီအစဉ်မှူး။   ။ ဒစ်ဂျစ်တယ်နည်းပညာနဲ့ ကုန်ပစ္စည်းတွေ သာမက ဝန်ဆောင်မှုလုပ်ငန်း တွေကို e-Commerce Platform မှာ ဝယ်ယူမယ်ဆိုရင် သတိပြုရမယ့် အကြောင်းအရာတွေ ရှိရင် လည်း မျှဝေပေးပါဦး။

ဒေါ်စန္ဒီစိန်သိဏ်း။         ။ အွန်လိုင်းပေါ်မှာ Service ဝန်ဆောင်မှုလုပ်ငန်းလို့ပြောတဲ့ Software တွေရှိမယ်။ နောက်တစ်ခုက ကိုင်တွယ်လို့ မရပါဘူး။ ဒီအတိုင်းပြန်သုံးလို့ရတဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေ၊ သူများရဲ့ Intellectual Property လို့ခေါ်တဲ့ မူပိုင်ခွင့်ရှိတဲ့ပုံတွေကို အွန်လိုင်းပေါ်က ဝယ်ကြတယ်ဆိုရင် သူကစောင့်ယူလို့ရတဲ့ ပစ္စည်းမဟုတ်ပါဘူး၊ ချက်ချင်းပေးချေရပါတယ်။ လိုအပ်တဲ့ ဒစ်ဂျစ်တယ်ပစ္စည်းတွေကို ရတယ်ဆိုပေမယ့် တစ်ခုချင်းစီ ရောင်းနေတာထက် သူတို့က Service Package လို့ခေါ်တဲ့ ထုပ်ပိုးမှုပုံစံလေးတွေနဲ့ လာပါတယ်။ ဉပမာ - ကျွန်မတို့က ဒီဝန်ဆောင်မှုကို တစ်နှစ်သုံးမယ်ဆိုရင် အရင်ဆုံး မသုံးခင်မှာ ဘာနဲ့ဆွဲဆောင်လေ့ရှိသလဲဆိုတော့ Free ပေးတယ်၊ စမ်းသပ်သုံးစွဲနိုင်တဲ့ ကာလတစ်ခုပေးတယ်၊ ပေးတဲ့အခါမှာ ၇ ရက်၊ ၁၀ ရက် သို့မဟုတ် တစ်လ ပေး တယ်။

ဒီလိုမျိုးတွေဆိုရင် ကျွန်မတို့က Free လိုချင်တော့ အရင်ဆုံးစာရင်းသွင်း Register လုပ်ကြ တယ်။ သူတို့ဆိုင်မှာ ဒီဟာကို ဝယ်မယ်ဆိုရင်  ကျွန်မတို့ရဲ့ Information တွေ၊  အချက်အလက်တွေ ထည့်ပေးရတယ်။ အီးမေးလ် လိပ်စာ၊ နာမည်၊ ကုမ္ပဏီနာမည်တွေ ထည့်ရတယ်။ ကျွန်မတို့ တစ်ခု မလေ့လာမိတာက Free လိုချင်တော့ Information တွေ၊  အချက်အလက်တွေ အကုန်ထည့်တဲ့အပြင် သူက ဘာကိုပါထည့်ခိုင်းလေ့ရှိလဲဆိုတော့ Bank Information ထည့်ခိုင်းပါတယ်။ လောလောဆယ် Free ပေးတယ်။

ဒါပေမယ့် တကယ်တမ်းဝယ်ဖြစ်တယ်ဆိုရင် ဘယ်ဘဏ်က ငွေပေးချေမယ်ဆိုတဲ့ အချက် အလက်တွေ တောင်းလေ့ရှိပါတယ်။ အဲဒီအခါ ကိုယ်က အခုရနေတဲ့ အလကားသုံးခွင့်ကာလကို စိတ်ဝင်စားနေတော့ ထည့်ဖြစ်လေ့ရှိပါတယ်။ များသောအားဖြင့် ကျွန်မတို့က သူတို့မှာရှိတဲ့ Terms တွေ၊ သဘောတူညီချက်တွေကို  သေချာဖတ်လေ့ မရှိပါဘူး။ Ok နဲ့  Agree တွေ အကုန်နှိပ်လိုက်ပါတယ်။ Free ကာလပြီးရင် ကိုယ့်ရဲ့ဘဏ်ကတ်ထဲက ပုံမှန်ဝယ်သလို ငွေပေးချေရမှာဖြစ်တယ် ဆိုတာကို ကိုယ်က သေချာဖတ်လေ့မရှိတော့ Free ကာလကို သုံးနေတယ်၊ အလကားရတဲ့ဝန်ဆောင်မှုကို ယူပြီးတဲ့အချိန်လည်းကျရော ကိုယ့်ရဲ့ဘဏ်ကတ်ထဲက ဖြတ်သွားတယ်။ နှစ်စဉ်ကြေးလည်း ဖြစ်နိုင်တယ်။ လစဉ်ကြေးလည်း ဖြစ်နိုင်တယ်။ ဒါမျိုးကို ကိုယ်တင်မက ကိုယ်နဲ့သိတဲ့ မိတ်ဆွေတွေလည်း ရင်ဆိုင်ကြရတာရှိပါတယ်။

ဘာကြောင့် သတိမထားမိသလဲဆိုတော့ ကျွန်မတို့ရဲ့ လိုအပ်ချက်က e-Commerce   လုပ် တယ်။ Online Shop လုပ်တယ်ဆိုရင် သူတို့ရဲ့ သဘောတူညီမှုအချက်အလက်ကို သေချာမဖတ်ဘဲ ကိုယ့်ရဲ့ အချက်အလက်တွေကို အကုန်ထည့်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒီလို ဝန်ဆောင်မှုလုပ်ငန်း Package တွေ၊ လစဉ်ကြေး၊ နှစ်စဉ်ကြေး ပေးရတာတွေ ဝယ်ယူမယ်ဆိုရင်  အလွန်သတိထား စေချင်တာက သူတို့ရဲ့ Terms လို့ခေါ်တဲ့ သဘောတူညီချက်နဲ့ အခြေအနေတွေ၊ သူတို့ထုတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို အရင်ဆုံးဖတ်သင့်ပါတယ်။ သေချာဖတ်ကြည့်ပြီးမှသာ စာရင်းသွင်းတာ၊ ကိုယ့်ရဲ့အချက်အလက်ထည့်တာတွေကို လုပ်ဆောင်သင့်ပါတယ်။

ဒီလိုမဟုတ်ဘူးဆိုရင် ကိုယ့်ဘဏ်ကတ်ထဲက ဖြတ်သွားတော့မှ ဘဏ်ကို ဆက်သွယ်ရတာ၊ သူတို့ကို ဆက်သွယ်ရတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ပိုက်ဆံက ပါပြီးသားဖြစ်နေပြီ၊ ဝန်ဆောင်မှုတွေ ဝယ်တာက ကုန်ပစ္စည်းဝယ်သလောက် မရိုးရှင်းပါဘူး။ ဒီတော့ ကျွန်မတို့သည် ကိုယ့်ရဲ့ အချက်အလက် အကုန်အစုံအလင်ထည့်တဲ့အခါ သေချာကြည့်သင့်ပါတယ်။

တကယ်ဈေးရောင်းတဲ့ ဝက်ဘ်ဆိုက်လား၊ သူတို့ကို ဘယ်လိုငွေပေးချေရမှာလဲ၊ ကိုယ်က ဘယ်အချိန်မှာ ကိုယ့်ရဲ့ Cerdit Card Information ကို ပြန်ပြီးနှုတ်လိုက်လို့ရသလဲ၊ ငွေကို သူတို့ ဘယ်အချိန်မှာ စကောက်သလဲ ဆိုတာတွေကို အသေးစိတ်ကြည့်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုနောက်ပိုင်းမှာ ကုန်ပစ္စည်း သာမက နိုင်ငံခြားနဲ့ပတ်သက်တဲ့ အလုပ်တွေ လုပ်လာတယ်။ ပုံတွေ သုံးလာတယ်။ Software တွေ ဝယ်တယ်ဆိုရင်  အဲဒီ Terms ဆိုတဲ့ သဘောတူညီချက် အခြေအနေကို ဖတ်ဖို့လိုပါတယ်လို့ ကျွန်မက ပြောချင်ပါတယ်။ မဟုတ်ရင် ကိုယ်မသိလိုက်ဘဲနဲ့ ကိုယ့်ရဲ့ကတ်ထဲက Payment ငွေတွေကို ထုတ်သွားတာမျိုး ဖြစ်တတ်တဲ့အတွက် အဲဒါက အရေးကြီးတယ်လို့ ပြောချင် ပါတယ်။

ထက်လျှံ