ဒေးဒရဲမြို့၌ အပူဒဏ်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဒေးဒရဲ မေ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကြက်ခြေနီအသင်း တပ်ဖွဲ့ဝင်များက   ပြည်သူများအား အယ်လ်နီညိုအပူဒဏ်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ မြို့မစျေး၊ အေဝမ်းစျေးနှင့် ရုံးကြီးကွက်သစ် (၆)လမ်းစျေးတို့တွင် စျေးရောင်း၊ စျေးဝယ် ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါလက်ကမ်းစာစောင်တွင် အယ်လ်နီညိုအကြောင်းသိကောင်းစရာများ၊ အပူဒဏ်ကာကွယ် နေထိုင်မှုပုံစံများ၊ အပူချိန်ပြင်းထန်မှုကြောင့် ဖြစ်တတ်သည့် အကြောင်းအရင်းများ၊ အရေးပေါ်ကုသခြင်းများ စသည့်အကြောင်းအရာများ ပါဝင်သော လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခြင်းနှင့် အပူဒဏ်ကြောင့် ဖြစ်ပွားလာပါက လိုက်နာဆောင်ရွက်ရမည့် အချက်များကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် အယ်လ်နီညိုရာသီဥတုကြောင့် ပြည်သူများ ဘေးအန္တရာယ် ဖြစ်ပွားထိခိုက်မှု မရှိစေရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်လုပ်မှုများ ထိခိုက်ဆုံးရှုံးမှုမရှိစေရေး သက်ဆိုင်ရာဌာနများက ကွင်းဆင်း၍ အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း