ဒေးဒရဲမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောသွင်းအားစု ယူရီးယား ဓာတ်မြေသြဇာအိတ်များ ပေးအပ်

ဒေးဒရဲ ဒီဇင်ဘာ ၂၂

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မြို့နယ်အတွင်းရှိ နွေစပါးစိုက်ပျိုးထုတ်လုပ်မည့် တောင်သူများ စပါးအထွက်နှုန်း တိုးတက်စေရေး အတွက် လိုအပ်သောသွင်းအားစု ယူရီးယားဓာတ်မြေသြဇာအိတ်များ ပေးအပ်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၁ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစိန်မောင်မြင့်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေစပါးစိုက်တောင်သူများအား အထွက်နှုန်း တိုးတက်စေရေး အတွက် လိုအပ်လျက်ရှိသော ယူရီးယားဓာတ်မြေသြဇာအိတ်များ စျေးနှုန်းချိုသာစွာဖြင့် တောင်သူများ လက်ဝယ်သို့ ပေးအပ်နိုင်ရေး ရှင်းလင်းဆွေးနွေးခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးဝင်းမြင့်က အကျိုးတူ ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းက မြို့နယ်အတွင်းရှိ တောင်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်က ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ နွေစပါးစိုက်တောင်သူများ သွင်းအားစု လိုအပ်ချက်များကြောင့် ရိုးပြတ်ကျန်လယ်ယာမြေများ မဖြစ်ပေါ်စေရေးအတွက် ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းများကို ဆွေးနွေးပြောကြားခဲ့သည်။

 

ဆက်လက်၍ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှူးဦးစိန်မောင်မြင့်၊ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးဝင်းမြင့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်း၊ မြို့နယ်လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် တာဝန်ရှိသူများက အကျိုးတူလယ်ယာ ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်မည့် လေးအိမ်ကုန်းကျေးရွာအုပ်စုနှင့် တညင်ကုန်းကျေးရွာအုပ်စုရှိ တောင်သူ(၁၀၆)ဦး၏ နွေစပါးစိုက်ဧက(၁၅၄၄)ဧကအတွက် ယူရီးယားဓာတ်မြေသြဇာအိတ်(၃၀၈၈)အိတ်ကို တောင်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အေဇာလင်း