ဒေးဒရဲမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့

ဒေးဒရဲ ဇွန် ၁

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များအား (ဧပြီ၊ မေ၊ ဇွန်)လများအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ဒေးဒရဲမြို့နယ်အတွင်း ကျေးရွာများရှိ ဘိုးဘွားများ၏ လက်ဝယ်အရောက် ယနေ့နံနက်ပိုင်းမှစတင်၍ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ လူမှုရေးပင်စင်ထောက်ပံ့ငွေများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက (၃)လလျှင် (၁)ကြိမ် ထောက်ပံ့ပေးလျက်ရှိရာ (ဧပြီ၊ မေ၊ ဇွန်)လများအတွက် ဒေးဒရဲမြို့နယ် အတွင်းရှိ  အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားကျေးရွာများတွင် (၆၆၂)ဦးနှင့် မြို့ပေါ်ရပ်ကွက်များတွင် (၉၀)ဦး၊ စုစု‌ပေါင်း (၇၅၂)ဦးတို့အား တစ်ဦးလျှင် လူမှုရေးပင်စင် ငွေကျပ်(၃)သောင်းနှုန်းဖြင့် စုစုပေါင်းငွေ (၂၂၅၆၀၀၀၀)ကျပ်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့် လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများက ဘိုးဘွားများ လက်ဝယ်အရောက် လိုက်လံထောက်ပံ့ပေးလျက် ရှိကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)