ဒွေး၏သမီး ဆည်းလည်းက အခြားမဲ့၌ ဇာတ်လမ်းတွဲတွင် ပထမဆုံး သရုပ်ဆောင်မည်

ကွယ်လွန်သူ ရုပ်ရှင်သရုပ်ဆောင် ဒွေးနှင့် မိခင် ဒေါ်မိုးမိုးတို့၏ သမီးဖြစ်သူ ဆည်းလည်းသည် ပြည်ပတွင်ကျောင်းတက်ပြီးနောက် ကျောင်းပြီး၍ အနုပညာအလုပ်များကို လုပ်ကိုင်တော့မည် ဖြစ်ရာ ဦးလေးဖြစ်သူသားညီ ရိုက်ကူးမည့် အခြားမဲ့၌ဟု အမည်ရသည့် ရုပ်သံဇာတ်လမ်းတွဲတွင် မင်းသူ၊ ညနန္ဒ၊ နေဒွေး၊ ညီထွဋ်ခေါင်၊ ခင်ဇာခြည်ကျော်၊ လှမျိုးသဉ္ဇာနွယ်တို့နှင့်အတူ ပါဝင်သရုပ် ဆောင်မည်ဟု သိရသည်။ ဆက်လုပ်သွားမည့် အနုပညာလှုပ်ရှားမှုများနှင့်ပတ်သက်၍ ဆည်းလည်းနှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။

မေး။ သရုပ်ဆောင်လုပ်ဖို့ ပြန်လာဖြစ်တာလား။

ဖြေ။ မေမေက ညီမကို ငယ်ငယ်ကတည်းက စင်ကာပူမှာ ကျောင်းထားပေးတော့ ဟိုမှာပဲ နေရတယ်။ အခု မေမေက ဒီမှာစီးပွားရေး လုပ်နေတော့ သွားလိုက်ပြန်လိုက် မလုပ်နိုင်တော့လို့ ဒီကိုပဲ ပြောင်းလာလိုက်တာပါ။ ပြန်ရောက်တာ မကြာသေးဘူး။ အနုပညာအလုပ်တွေလုပ်ဖို့ ပြန်လာတာ မဟုတ်ပေမယ့်လည်း ဒီကိုရောက်လာတော့ အနုပညာလောကနဲ့ ပိုနီးစပ်ပြီး လုပ်ချင်တာကို မြန်မြန်လေး လုပ်ဖြစ်သွားတာပါ။ ညီမက ငယ်ငယ်လေးထဲက သရုပ်ဆောင်ဖြစ်ချင်ခဲ့တာပါ၊ အခု သရုပ်ဆောင်လုပ်ချင်လို့ မေမေ့ကို ခွင့်တောင်းပါတယ်။ မေမေက ပညာရေးကို ပိုအားပေးပေမယ့် ညီမလုပ်ချင်တယ်ဆိုလို့ ခွင့်ပြုပေးပါတယ်။ ဦးသဲ (သားညီ) ကတော့ ပိုသဘောကျတာပေါ့။

မေး။ ပထမဆုံးဖြစ်မယ့် အနုပညာ ခြေလှမ်းအတွက် ပြင်ဆင်မှုတွေကို သိပါရစေ။

ဖြေ။ ဒီဇာတ်လမ်းတွဲက ညီမရဲ့ ပထမဆုံး အနုပညာလှုပ်ရှားမှုပါ၊ ကာရိုက်တာကလည်း ဆန်းတယ်။ အရင်ဘဝက ဆုတောင်းမှားခဲ့လို့ ဒီဘဝမှာ လာထိတာပေါ့။ ဝိညာဉ်တွေနဲ့ ပတ်သက် ဆက်ဆံရတာမျိုးပေါ့၊ ညီမရဲ့ အပြင်ကာရိုက်တာနဲ့တော့ ကွာပါတယ်၊ အများကြီး လေ့လာပြင်ဆင် သွားမှာပါ။ ညီမက အသစ်ဆိုတော့ ဦးသဲက အစမ်းလေ့ကျင့်တာမျိုးတွေလည်း လုပ်ပေးထား ပါတယ်၊ Camera Casting တွေလုပ်ပေးတယ်၊ လိုအပ်တာတွေကို ပြောပြတယ်၊ ဒါတွေက ကိုယ်လုပ်ရမယ့် ကာရိုက်တာအတွက်ပေါ့၊ ကျန်တဲ့ မိတ်ကပ်၊ ဆံပင်၊ အဝတ်အစားတွေကတော့ ဒါရိုက်တာ လိုချင်တဲ့ပုံစံကို ထုတ်လုပ်ရေးကပဲ စီစဉ်ပေးသွားမှာပါ။

မေး။ ကိုသားကြီးရဲ့ အနုပညာစွမ်းအားက ကြီးမားခဲ့တော့ သမီးအပေါ် သက်ရောက်မှုတွေက ဘယ်လိုရှိမလဲ။

ဖြေ။ ညီမက မျက်နှာသစ်ဆိုတော့ အတတ်နိုင်ဆုံးတော့ အကောင်းဆုံး လုပ်သွားမှာပါ။ အဖေ့ရဲ့သမီး ဖြစ်တာကတော့ ညီမအတွက် အလွန်အထောက်အကူဖြစ်ပါတယ်။ မဟုတ်ရင် ညီမမှာ ဘယ်လောက်ပဲ ပါရမီရှိတယ်ဆိုပါစေ၊ နေရာတစ်ခုမှာ ညီမကို ယုံယုံကြည်ကြည်နဲ့ လက်ခံပေးဖို့ဆိုတာက မလွယ်ပါဘူး၊ ဒါကြောင့် ညီမဘက်ကလည်း ကိုယ်ရထားတဲ့ အခွင့်အရေးအတွက် ပိုကြိုးစားရမှာပေါ့နော်၊ တကယ်လို့များ ညီမအနေနဲ့ မတော်တဆ အမှားတစ်ခုခုကို လုပ်မိခဲ့ရင် အဖေ့ရဲ့ပုံရိပ်ကို ထိခိုက်သွားမှာကိုတော့ စိုးရိမ်ပါတယ်၊ ဒါကြောင့် ပိုပြီးလည်း သတိထားရပါတယ်။

ကိုလင်း