ဒေါ်လာ ရှစ်ဘီလီယံတန်ဖိုးရှိ စီးပွားရေးဆိုင်ရာသဘောတူစာချုပ် တောင်ကိုရီးယားနှင့် ဆော်ဒီအာရေဗျ လက်မှတ်ရေးထိုး

ဆိုးလ်   ၂၇ ဇွန်   

တောင်ကိုရီးယားနှင့်    ဆော်ဒီအာရေဗျနိုင်ငံတို့သည်အမေရိကန် ဒေါ်လာ ၈ ဒသမ ၃ ဘီလံယံ တန်ဖိုးရှိ စီးပွား ရေးဆိုင်ရာ   ပူးပေါင်းဆောင်ရွက်မှု   သဘောတူစာချုပ်တစ်ရပ်ကို  တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင်  ယနေ့လက်မှတ်ရေးထိုးလိုက်သည်။

ဆော်ဒီအိမ်ရှေ့မင်းသား  မိုဟာမက်ဘင်ဆယ်လ်မန်သည်   ပြီးခဲ့သည့်  အောက်တိုဘာလက    တူရကီနိုင်ငံအစ္စတန်ဘူလ်မြို့ရှိ  ဆော်ဒီကောင်စစ်ဝန်ရုံး၌   ဆော်ဒီသတင်းထောက် အသတ်ခံရမှုနှင့်ပတ်သက်၍   ဆော်ဒီအာရေဗျနိုင်ငံအပေါ်  အနောက်နိုင်ငံ၏  ဝေဖန်သံများ ထွက်ပေါ်လာခဲ့ပြီးနောက် တောင်ကိုရီးယားနိုင်ငံသို့ ပထမအကြိမ်ရောက်ရှိလာရာ   အဆိုပါခရီးစဉ်တွင်    စီးပွားရေးဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ခြင်း ဖြစ်သည်။

ဆော်ဒီအာရေဗျနိုင်ငံသည် တောင်ကိုရီးယားနိုင်ငံသို့ ရေနံအများဆုံး တင်ပို့ပေးသည့်နိုင်ငံဖြစ်သည်။ အဆိုပါ စာချုပ်တန်ဖိုးထဲတွင် တောင်ကိုရီးယားနိုင်ငံ၌ ရေနံစက်ရုံများ တည်ဆောက်ရေးအတွက် ဆော်ဒီရေနံကုမ္ပဏီကြီ ဆော်ဒီအာရမ်ကိုနှင့်        တောင်ကိုရီးယားရေနံကုမ္ပဏီ အက်စ်အွိုင်းလ်တို့အကြား  လက်မှတ်ရေးထိုးထားသည့်စာချုပ်တန်ဖိုး အမေရိကန်ဒေါ်လာ ခြောက်ဘီလီယံလည်း ပါဝင်ကြောင်း သိရသည်။

ဆော်ဒီအာရေဗျနိုင်ငံသည် တောင်ကိုရီးယားနိုင်ငံ၏ အကြီးမားဆုံး ပြည်ပဆောက်လုပ်ရေးဈေးကွက်နှင့် အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံများအနက်  တောင်ကိုရီးယားနိုင်ငံ၌        အများဆုံးရင်းနှီးမြှုပ်နှံသည့်          ဒေသတွင်း အကြီးမားဆုံး     ကုန်သွယ်ဖက်နိုင်ငံလည်းဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းက ဆော်ဒီအိမ်ရှေ့မင်းသားနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

တောင်ကိုရီးယားသမ္မတသည်    ဆော်ဒီသတင်းထောက် ဂျမားခါရှော့ဂီသေဆုံးမှုနှင့်ပတ်သက်၍ ဆော်ဒီအိမ်ရှေ့မင်းသားနှင့်ဆွေးနွေးရန်  အစီအစဉ်မရှိကြောင်း အိမ်ပြာတော် ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဇွန် ၂၆ ရက်တွင် သတင်းထောက်များအား ပြောကြားသည်။ ထို့အပြင်ဆော်ဒီအိမ်ရှေ့မင်းသားသည်  တောင်ကိုရီးယားနိုင်ငံ၏ အကြီးမားဆုံး ကော်ပိုရေးရှင်းကြီးများမှ အကြီးအကဲများကိုလည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်သည် ပြီးခဲ့သည့်ဖေဖော်ဝါရီလက ပါကစ္စတန်၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သို့သွားရောက်လည်ပတ်ခဲ့ပြီး    ယခုသီတင်းပတ်ကုန်တွင်ဂျပန်နိုင်ငံ အိုဆာကာမြို့၌  ကျင်းပမည့်  ဂျီ-၂၀  ထိပ်သီး ဆွေးနွေးပွဲကို     တက်ရောက်ရန်     စီစဉ်ထားကြောင်း   သိရသည်။

ကိုးကား-အေအက်ဖ်ပီ
ဘာသာပြန်-ဂျေတီ