ဒေါပုံ၊ သန်လျင်၊ တာမွေ၊ ရွာငံနှင့် တန့်ယန်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇန်နဝါရီ ၁၃

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၂ ရက် မွန်းလွဲ ၂ နာရီခွဲ တွင် ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်၊ ဦးစိန်ကျော်လမ်းမပေါ်တွင် မင်းမင်းထွန်း(ခ) အလီယာကဒ်ကို မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သန်လျင်မြို့နယ်၊ မြို့ဟောင်း(အရှေ့) ရပ်ကွက်၊ သစ်စက်လမ်း၊ တံတားဖြူအနီးတွင် ယဉ်ထွေး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့ ညနေ ၆ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် တာမွေမြို့နယ်၊ မာန်အောင်ရပ်ကွက်၊ လေးထောင့်ကန် လမ်းမကြီးရှိ ကုန်တိုက်နောက်ကျောကားပါကင်  အနီး တွင် ပြည့်ဖြိုးမောင် မောင်းနှင်ပြီး အောင်ကျော်ဆန်း (ခ)ဖြိုးကို လိုက်ပါလာသည့် TOYOTA SUCCEED အမျိုးအစားမော်တော်ယာဉ်နှင့် မနီနီဝင်း(ခ)မနီ မောင်းနှင်ပြီး စည်သူလိုက်ပါလာသည့် TOYOTA PROBOX အမျိုးအစားမော်တော်ယာဉ် ၂ စီးတို့ကို စစ်ဆေးရှာဖွေရာ အိုက်စ် ၁ ကီလို၊ စိတ်ကြွရူးသွပ် ဆေးပြား ၈၀၀ ကိုလည်းကောင်း။

 

ထို့အတူ ယင်းနေ့ ညနေ ၅ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွာငံမြို့နယ်၊ ရွာငံ-ဟံမြင့်မိုရ်သွားကားလမ်း၊ ကျောက်ကူပြင် ကျေးရွာအုပ်စု၊ ကျောက်ကူပြင်ကျေးရွာအနီးတွင် ခင်စောမောင် မောင်းနှင်လာသည့် မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၂၂,၀၀၀ ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တန့်ယန်းမြို့၊ အမှတ်(၂)ရပ်ကွက်၊ လေယာဉ်ကွင်းဟောင်းလမ်းတွင် မနန်းခမ်းလူကို မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂,၀၀၀ ပြားကိုလည်းကောင်း သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)