ဒေသခံ တိုင်းရင်းသားများအား ဘူးသီးတောင် ပြည်သူ့ဆေးရုံ၌ အခမဲ့ဆေးဝါး ကုသပေး

မောင်တော ၂ နိုဝင်ဘာ

 

ဘူးသီးတောင် ပြည်သူ့ဆေးရုံ၌ ဆေးဝါးကုသမှုခံယူရန် လာရောက်ပြသကြသည့် ဒေသခံ တိုင်းရင်းသားများဖြစ်သော ရခိုင်၊ ဗမာ၊ မြို၊ ခမီ၊ ဒိုင်းနက်လူမျိုးများ၊ ဟိန္ဒူ နှင့် အစ္စလာမ်ဘာသာဝင် လူနာများအား အခမဲ့ဆေးဝါးကုသပေးလျက်ရှိသည်။

 

ဘူးသီးတောင်ဆေးရုံ၌ ဆေးဝါးကုသမှု လာရောက်ခံယူသူများကို အခမဲ့ ဆေးဝါး ကုသပေးလျက်ရှိသည့်အပြင် ရောဂါပျောက်ကင်း၍ ကုသမှု ဆက်လက်ခံယူရန် မလိုအပ်သဖြင့် နေရပ်သို့ ပြန်ကြသူများအား ခရီးစရိတ်၊ ဆေးဝါးနှင့် အသုံးစရိတ်များ ကူညီထောက်ပံ့ပေးလျက် ရှိသည်။

 

ထို့ပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အစီအစဉ်၊ ပြည်ထောင်စုဝန်ကြီး၏ အကူအညီဖြင့် မကွေးဆေးတက္ကသိုလ်မှ ကလေးအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာလှဝင်းမြင့် ဦးဆောင်သည့် အဖွဲ့သည် ဘူးသီးတောင်နှင့် မောင်တောမြို့များရှိ ကယ်ဆယ်ရေး စခန်းများ၌ နေထိုင်ကြသူများနှင့် ဆေးဝါးကုသမှုခံယူရန် လိုအပ်သည့် ဒေသခံ တိုင်းရင်းသားများကို ကွင်းဆင်း၍ အခမဲ့ ဆေးကုသပေးလျက်ရှိသည်။

 

မကွေးဆေးတက္ကသိုလ်မှ ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာလှဝင်းမြင့်က ''ဒီကို အောက်တိုဘာ ၃ဝ ရက်ကတည်း ရောက်နေတာပါ၊ နိုဝင်ဘာ ၁ ရက်ကနေ ၅ ရက်အထိ ကွင်းဆင်းပြီး အခမဲ့ကုသပေးသွားမှာပါ၊ ကျွန်မနဲ့အတူ မကွေးဆေးတက္ကသိုလ် ရောဂါဗေဒဌာနက ကထိက ဒေါက်တာ နုသဇင်ဝင်း၊ ကထိက ဒေါက်တာ ညီညီဝေယံဇော်၊ လက်ထောက်ကထိက ဒေါက်တာ နှင်းဝင့်ဝင့်ဆွေတို့လည်း ပါလာပါတယ်။

 

''ကျွန်မတို့အဖွဲ့က ဘူးသီးတောင် ဆေးရုံမှာ နိုဝင်ဘာ ၁ ရက်ကနေ ၂ ရက်အထိ ကုသပေးနေပါတယ်၊ နိုဝင်ဘာ ၃ ရက်ကနေ ၄ ရက်အထိက မောင်တောမြို့ မှာရှိတဲ့ ဆေးရုံမှာ ကုသပေးသွားမှာပါ၊ ဘူးသီးတောင်မြို့မှာ ကုသပေးတဲ့အခါ များသောအားဖြင့် ချောင်းဆိုးရင်ကျပ်တဲ့ ကလေးတွေများပါတယ်၊ ဒုတိယကတော့ ဝမ်းပျက်ဝမ်းလျှော ရောဂါပါ၊ တတိယကတော့ ငယ်စဉ်ကာလက ဦးနှောက်ထဲကို ရောဂါပိုးနဲ့ အသားဝါတဲ့ ဓာတ်တွေ ရောက်ရှိထားတဲ့အတွက်ကြောင့် လက်တွေ၊ ခြေထောက်တွေ ကွေးကောက်ပြီး အကြောဆွဲ၊ အကြောတက်ရောဂါ ဖြစ်နေတဲ့ ကလေးတွေပါ''ဟု လာရောက်ကုသပေးရခြင်း ရည်ရွယ်ချက်နှင့် တွေ့ရှိချက်များကို ပြောသည်။ 

 

ထို့ပြင် “စပြီးကုသပေးတဲ့နေ့ကနေ ဒီနေ့အထိ ကလေးအယောက် ၅ဝ လောက်ကို ကုသပေးနိုင်ခဲ့တဲ့အပြင် ဒီဆေးရုံမှာ လာရောက်ပြီး ဆေးဝါးကုသမှု ခံယူနေတဲ့ လူနာတွေကိုလည်း တစ်ပါတည်း ကုသပေးနေပါတယ်၊ ဒီဒေသက ပြည်သူတွေက ကျန်းမာရေးစောင့်ရှောက်မှု ခံယူဖို့ အားနည်းတာတွေကို တွေ့ရပါတယ်၊ ကျန်းမာရေးဌာနက လူနာအားလုံးအတွက် အမြဲတမ်းစောင့်ကြိုဆိုနေပါတယ်၊ အမြဲတမ်း လှိုက်လှိုက်လှဲလှဲနဲ့ ကုသပေးဖို့အတွက် လူမျိုး၊ ဘာသာမရွေး ကုသပေးတာဖြစ်တဲ့အတွက် နောက်ကျ တဲ့အထိမနေဘဲ အချိန်မရွေး၊ နေရာမရွေး ဖြစ်ဖြစ်ချင်း လာရောက်ပြသကြပါ'' ဟု ပါမောက္ခ ဒေါက်တာလှဝင်းမြင့်က တိုက်တွန်းပြောကြားသည်။

 

မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးနှင့် မကွေးဆေးတက္ကသိုလ်မှ ကလေးအထူးကု ဆရာဝန်ကြီးတို့ ဦးဆောင်သော အဖွဲ့တို့သည် နိုဝင်ဘာ ၃ ရက်မှ ၄ ရက်အထိ မောင်တောမြို့၌ ကုသပေးသွား မည်ဖြစ်ကြောင်း၊ မောင်တော ပြည်သူ့ဆေးရုံကို အခြေပြုပြီး ပြည်သူများကို ကုသပေးသွားမည်ဖြစ်ပြီး လာရောက်ကုသရန် သွားရေးလာရေးခက်ခဲသည့် ဒေသများသို့ ကွင်းဆင်း၍ ကုသပေးသွား မည်ဖြစ်ကြောင်း သိရသည်။

 

မောင်တောဆေးရုံ၌ ဆေးဝါးကုသမှုခံယူနေသော မောင်တောမြို့နယ်နေ ဒိုင်းနက်လူမျိုး ဦးဂီလာ၊ ဘူးသီး တောင်မြို့နယ်နေ မြိုလူမျိုး မောင်ကျော်ဆန်း၊ ဘူးသီးတောင်မြို့ အမှတ် ၄ ရပ်ကွက်နေ အစ္စလာမ်ဘာသာဝင် ဦးဒီလ်မာမောက်၊ အမှတ် ၇ မီးရထားဆိပ် ရပ်ကွက်နေ ဟိန္ဒူဘာသာဝင် ဒေါ်ဂဂတို့ကလည်း ဆေးရုံ၌ ဆေးကုသမှုခံယူခြင်းနှင့် စပ်လျဉ်း၍ အဆင်ပြေကြောင်း၊ ရောဂါသက်သာကြောင်း၊ ဆရာဝန်ကြီးများနှင့် ဆရာမများက ဂရုစိုက်ကြောင်း၊ ကျေးဇူးတင်ကြောင်း ပြောကြသည်။ 

 

ဘူးသီးတောင် ပြည်သူ့ဆေးရုံသို့ သြဂုတ်လတွင် အတွင်းလူနာအဖြစ် ၂၅၅ ဦး၊ အပြင်လူနာအဖြစ် ၂ဝ၃ ဦး၊ စက်တင်ဘာလတွင် အတွင်းလူနာအဖြစ် ၂၁၈ ဦး၊ အပြင်လူနာအဖြစ် ၄၃၈ ဦး၊ အောက်တိုဘာလတွင် အတွင်းလူနာအဖြစ် ၁၇၅ ဦး၊ အပြင် လူနာအဖြစ် ၂၆၇ ဦး ဆေးဝါးကုသမှု လာရောက်ခံယူခဲ့ကြောင်း သိရသည်။

 

သတင်း - မော်စီ


ဓာတ်ပုံ - ဟန်လင်းနိုင်