ဒေသဖွံ့ဖြိုးရေးအတွက် စစ်တောင်းမြစ်ကူးတံတား (အုတ်ဖြတ်)တည်ဆောက်နေမှု အခြေအနေများ ကြည့်ရှုစစ်ဆေး

မုန်း ၁၇ ဇွန် 

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇွန်လ(၁၅)ရက်နေ့ ညနေ(၆)နာရီက လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ဖြူးမြို့နယ်အတွင်းရှိ စစ်တောင်းမြစ်ကူးတံတား (အုတ်ဖြတ်) တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ရှေးဦးစွာ တံတားတည်ဆောက်ရေး ရှင်းလင်းဆောင်၌ တည်ဆောက်ရေးအဖွဲ့(၃)၊ တံတားအထူးအဖွဲ့(၁၀) တာဝန်ခံ အင်ဂျင်နီယာ ဦးတင်မောင်ဝင်းက စစ်တောင်းမြစ်ကူးတံတား(အုတ်ဖြတ်) တည်ဆောက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ သတ်မှတ်ကာလအတွင်း ရေရှည်တည်တံ့ခိုင်ခန့်ပြီးစီးအောင် နိုင်ငံတော်ဘဏ္ဍာငွေ အလေအလွင့်မရှိစေဘဲ စေတနာထားလုပ်ဆောင်ကြရန်၊ ဝန်ထမ်းများနှင့် ပြည်သူများလုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းအောင် စနစ်တကျအစီအမံပြုလုပ်ပြီး ဝီရိယထားလုပ်ဆောင်ကြရန်၊ အဆိုပါမြစ်ကူးတံတားသည် ဒေသခံများအတွက် အဓိကလိုအပ်နေသော တံတားဖြစ်ကြောင်း ဒေသခံများအတွက် အကျိုးဖြစ်ထွန်းသလို တည်ဆောက်ပေးသူများအနေဖြင့် ကုသိုလ်များရရှိမည်ဖြစ်ခြင်းကြောင့် တာဝန်ခံမှု၊ တာဝန်ယူမှုအပြည့်ဖြင့် စနစ်တကျလုပ်ဆောင်ကြရန် လမ်းညွှန်မှာကြားခဲ့ကာ တံတားတည်ဆောက်ထားရှိမှုနှင့် ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးသည်။

 

အဆိုပါတံတားသည် ဖြူးမြို့နယ် ဖြူး-အုတ်ဖြတ်-မုန်းလမ်းပေါ်ရှိ စစ်တောင်းမြစ်ကိုဖြတ်ပြီး တည်ဆောက်ထားသော သံကူကွန်ကရစ်အုတ်မြစ်ထိပ်အုပ်နှင့် ကိုယ်ထည် တံတားအမျိုးအစားဖြစ်သည်။

 

ဟိန်းထက်(ပဲခူး)