“ဒေသသမိုင်း၊ မြန်မာရာဇဝင်ကျမ်းများနှင့် သမိုင်းတန်ဖိုး” သုတေသနစာတမ်းဖတ်ပွဲကျင်းပ

နေပြည်တော် စက်တင်ဘာ ၂၃

 

ဒေသသမိုင်း၊ မြန်မာရာဇဝင်ကျမ်းများနှင့် သမိုင်းတန်ဖိုးသုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲ အခမ်းအနား ကို ယနေ့ နံနက်ပိုင်းတွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)ရှိ ဝန်ဇင်းမင်း ရာဇာခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကို က ရာဇဝင်ကျမ်းများရှိလာခဲ့သည့်အတွက် မိမိတို့၏ အတိတ်သမိုင်းကို သိရှိနားလည်ပြီး သမိုင်းကပေးဆောင်သည့် အင်အားများကို အသုံးချနိုင် မည်ဖြစ်ကြောင်း၊ အတိတ်ကပေးသည့်အခြေအနေနှင့် သမိုင်းကြောင်းကို နားမလည်ပါက ပစ္စုပ္ပန် အတွက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများသည်လည်း အရာရောက်မည် မဟုတ်ကြောင်း၊ အတိတ်က ရှေးဘိုးဘေးဘီဘင်များကို ကျေးဇူးတင်ရမည်ဖြစ်ပြီး ၎င်းတို့ရေးသားပြုစုခဲ့သည့်ရာဇဝင် ကျမ်းများ သည် ယနေ့တိုင်အသုံးဝင်နေဆဲ၊ အကျိုးပြုနေဆဲဟု ဆိုရမည်ဖြစ်ကြောင်း  ပြောကြားသည်။

 

ထို့နောက် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် က သုတေသနစာတမ်းဖတ်ပွဲကျင်းပမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

နံနက်ပိုင်းစာတမ်းဖတ်ကြားခြင်းအစီအစဉ်တွင် ညွှန်ကြားရေးမှူး ဒေါက်တာလဲ့လဲ့ဝင်းကကရင်ရာဇဝင်နှင့် မွန်ရာဇဝင်များက ဖော်ပြသော ကရင်ပြည်နယ် မြဝတီဒေသရှိ မြဝတီမြို့ဟောင်းကို လေ့လာခြင်းစာတမ်းကို ဖတ်ကြားဆွေးနွေးပြီး မြန်မာသမိုင်းအဖွဲ့ဝင် ဒေါက်တာမြင့်သိန်း က သဘာပတိအဖြစ်လည်းကောင်း၊ မွန်းလွဲပိုင်း စာတမ်းဖတ်ကြားခြင်း အစီအစဉ်တွင် ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာမြမြသောင်းကတောင်ငူရာဇဝင်များ၏ သမိုင်းတန်ဖိုးစာတမ်းကို ဖတ်ကြားဆွေးနွေးခဲ့ပြီး မြန်မာသမိုင်းအဖွဲ့ အချိန်ပိုင်းအဖွဲ့ဝင် ဦးကျော်စိုးက သဘာပတိအဖြစ် လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြင့်မြင့်စန်း ကရာဇဝင်နှင့် ခေတ်ပြိုင်အထောက် အထားများမှရရှိသော စလေဒေသသမိုင်းစာတမ်းအား ဖတ်ကြားဆွေးနွေးခဲ့ပြီး မြန်မာသမိုင်းအဖွဲ့ အချိန်ပိုင်းအဖွဲ့ဝင် ဦးတင်ခြုံက သဘာပတိအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ကြကာ စာတမ်းဖတ်ပွဲသို့ တက်ရောက်လာကြသော ဧည့်သည်တော်များနှင့် ဌာနဆိုင်ရာများက သိရှိလိုသည်များနှင့် အကြံပြုလို သည်များကို မေးမြန်းဆွေးနွေးကြသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက သုတေသနစာတမ်းရေးသားရာတွင် ချဉ်းကပ် ပုံနည်းလမ်း သတိပြုရန်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ စစ်ရေး စသည်ဖြင့် မည်သည့်အမြင်ဖြင့် ရေးသားမည်ကို သိရှိနေရမည်ဖြစ်ကြောင်း၊ ယနေ့ စာတမ်းဖတ်ပွဲတွင် ဖတ်ကြားခဲ့သည့် စာတမ်း() စောင်တွင် ပါဝင်သည့် ဒေသ ()ခု၏ ရာဇဝင်သမိုင်းကြောင်းများကို သိရှိရသဖြင့် တန်ဖိုးရှိသော သုတေသနစာတမ်းဖတ်ပွဲ တစ်ခုဖြစ်ကြောင်း ပြောကြားပြီး သဘာပတိများနှင့် စာတမ်းရှင်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

 

အခမ်းအနားသို့ ဒုတိယဝန်ကြီးများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြန်မာသမိုင်း အဖွဲ့ဝင်ဆရာကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ စာတမ်းရှင်များနှင့် အခြားဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့် တိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲနှင့် အမျိုးသားစာကြည့်တိုက် (ရန်ကုန်)မှ ဝန်ထမ်းများက Online ဖြင့် တက်ရောက်ကြသည်။

(သတင်းစဉ်)