ဒေသတွင်း စိုက်ပျိုးရေးထုတ်ကုန်များကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသဖွံ့ဖြိုးတိုးတက်မှုကို များစွာအကျိုးပြုနိုင်မည်

 

 

နေပြည်တော်၊ ဇန်နဝါရီ ၁၅

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင် များအား ဟုမ္မလင်းမြို့ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။

 

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ Jeng Phang နော်တောင်၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဦးလှမိုး၊ ဦးသောင်းဟန်၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာသက်ခိုင်ဝင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖ များ၊ ဟုမ္မလင်းခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။

 

စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များအား တစ်ဦးချင်း တင်ပြဆွေးနွေး

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် က ဒေသဆိုင်ရာအချက်အလက်များ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဟုမ္မလင်းခရိုင်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME)လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကူညီပံ့ပိုးမှုများဆောင်ရွက်လျက်ရှိမှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်မှချေးငွေများ ထုတ်ပေးမှုနှင့် လုပ်ငန်းတိုးချဲ့ဆောင်ရွက်လျက်ရှိမှု၊ One Village One Product ထုတ်လုပ်နိုင်ရေး ဒေသအလိုက် ထုတ်ကုန်အမယ် သတ်မှတ်ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု စသည့်အခြေအနေများကို လည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲဝင်းက ဟုမ္မလင်းခရိုင်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေးနှင့် စီမံကိန်းလုပ်ငန်းဆိုင်ရာ အချက်အလက်များကို လည်းကောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလင်းနိုင်အေး က နမ့်ပင အသေးစားရေအား လျှပ်စစ်စီမံကိန်းဆိုင်ရာများကိုလည်းကောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားတည်ဆောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးညီညီဇော်က ချင်းတွင်းတံတား (ထမံသီ) စီမံကိန်းဆိုင်ရာများကို လည်းကောင်း ရှင်းလင်း တင်ပြကြသည်။

 

ယင်းနောက် တက်ရောက်လာကြသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များ ဖြစ်သည့် NTT သစ်ပါးလွှာစက်ရုံမှ အထွေထွေ မန်နေဂျာ ဦးအောင်ကျော်ရန်၊ လက်ဖက်လုပ်ငန်းရှင် ဒေါ်ခင် နှင်းခိုင်၊ ငါးခြောက်လုပ်ငန်းရှင် ဦးစိန်လွင်နှင့် ရော်ဘာလုပ်ငန်းရှင် ဦးကျော်စွာလွင်တို့က သစ်ပါးလွှာ စက်ရုံအတွက် လိုအပ်သည့် ကုန်ကြမ်းများရရှိရေး သစ်စိုက်ခင်းများကို စိုက်ပျိုးဆောင်ရွက်လျက်ရှိပြီး ဒေသခံပြည်သူလူထု၏ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးအတွက်လည်း ဆောင်ရွက်ပေးနိုင်မှု၊ ထွက်ရှိလာသည့် သစ်ပါးလွှာများကို မြန်မာနိုင်ငံ အလယ်ပိုင်းရှိ မြို့ကြီးများသို့ ပို့ဆောင်၍ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်လျက်ရှိမှု၊ ကုန်ကြမ်းလိုအပ်ချက်ကို ပိုမိုဖြည့်ဆည်းပေးနိုင်မည်ဆိုပါက ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ပြည်ပပို့ကုန်ကိုလည်း မြှင့်တင် နိုင်မည်ဖြစ်သည့်အတွက် လိုအပ်ချက်များကို နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးစေလိုမှု၊ ဟုမ္မလင်းခရိုင်အတွင်းရှိ ဒေသခံပြည်သူများ အနေဖြင့် လက်ဖက်လုပ်ငန်းကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းကပင် လုပ်ကိုင်ခဲ့ကြပြီး လက်ရှိအချိန်တွင် လုပ်ငန်းတိုးချဲ့ ဆောင်ရွက်လျက်ရှိမှု၊ ဒေသထွက် လက်ဖက်လုပ်ငန်းများ၏ ဈေးကွက်ရရှိမှု၊ ရေရှည်တည်တံ့စေရေးနှင့် လုပ်ငန်းတိုးချဲ့နိုင်ရေးအတွက် နိုင်ငံတော်မှ ငွေကြေးအရင်းအနှီးများ မတည် ဆောင်ရွက်ပေးစေလိုမှု၊ ဒေသတွင်းထွက်ရှိသည့် ငါးများကို ငါးခြောက်၊ ငါးကျပ်တင်ခြင်း လုပ်ငန်းကို မိရိုးဖလာ စီးပွားရေး လုပ်ငန်းတစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိမှု၊ ဒေသတွင်း အင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အောင်မြင်ရေးအတွက် နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးနေမှုများကို ဒေသခံလုပ်ငန်းရှင်များမှ အထူးပင်ကျေးဇူးတင်ရှိမှု၊ ဟုမ္မလင်းဒေသအတွင်း ၂၀၀၅ ခုနှစ်မှစတင်၍ ရော်ဘာ လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်တွင် လုပ်ငန်းတိုးတက် ဆောင်ရွက်လျက်ရှိမှုနှင့် ဒေသတွင်းစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားလိုအပ်သည်များကို တင်ပြ ဆွေးနွေးကြသည်။

 

mdn

 

ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး

 

လုပ်ငန်းရှင်များ၏ တစ်ဦးချင်း ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများက နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်မှ အားပေးဆောင်ရွက်လျက်ရှိမှုနှင့် လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိမှု၊ လုပ်ငန်း ဆောင်ရွက်ရာတွင် လိုအပ်သည့် အရင်းအနှီးများ ထုတ်ချေးပေး လျက်ရှိမှုနှင့် ချေးငွေရယူလို သည့် လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာ ဘဏ်များနှင့် ချိတ်ဆက်၍ လုပ်ထုံးလုပ်နည်း နှင့်အညီ ရယူသွားရန်လိုအပ်မှု၊ ချေးငွေရယူပြီးပါက လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ပြီး သတ်မှတ်ကာလအတွင်း ပြန်လည် ပေးဆပ်သွားရန် လိုအပ်မှု၊ MSME လုပ်ငန်းများအတွက် လိုအပ်သည့် ချေးငွေများကို နိုင်ငံတော်မှ သင့်တင့်သည့် အတိုးနှုန်းများဖြင့် ထုတ်ချေးပေးနိုင်ရေး ဆောင်ရွက် လျက်ရှိမှု၊ ကျေးလက်နေပြည်သူ များ၏ ဝင်ငွေတိုးပွားရေး၊ လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သည့် အရင်းအနှီးများကို မြစိမ်းရောင်စီမံကိန်းဖြင့် ဆောင်ရွက်ပေးလျက်ရှိမှု၊ ဟုမ္မလင်း ခရိုင်အတွင်း လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်ပေးထားမှုနှင့် လျှပ်စစ်မီးရရှိခြင်းမရှိသေးသည့် ကျေးရွာများ လျှပ်စစ်မီးရရှိရေး အတွက် ဆောင်ရွက်လျက်ရှိမှု စသည်ဖြင့် သက်ဆိုင်ရာကဏ္ဍများ အလိုက် ပြန်လည်ဆွေးနွေး ပြောကြားကြသည်။

 

နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ

 

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ဟုမ္မလင်း ဒေသသည် ယခင်ကထက်များစွာ တိုးတက်ပြောင်းလဲလာသည်ကို တွေ့ရသည့်အတွက် မိမိအနေဖြင့် များစွာဝမ်းသာမိပါကြောင်း၊ မိမိအနေဖြင့် ဟုမ္မလင်းဒေသအတွင်း တာဝန်ထမ်းဆောင်ခဲ့စဉ် ဒေသ၏ အဓိက လိုအပ်ချက်ဖြစ်သည့် လမ်းပန်းဆက်သွယ်မှု လျင်မြန်ချောမွေ့ရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ကြိုးပမ်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယနေ့တွင်လည်း နာဂရိုးရာနှစ်သစ်ကူး ပွဲတော်တက်ရောက်ချီးမြှင့်ပေးနိုင်ရေး ဖိတ်ကြားခဲ့သည့်အတွက် ဟုမ္မလင်းဒေသ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ယခုကဲ့သို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်းဖြင့် ဦးစွာပြောကြားပြီး နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်စဉ်များကြောင့် နိုင်ငံတော်၏ တာဝန်များကို ဥပဒေနှင့်အညီထမ်းဆောင် ခဲ့ရသည့် အခြေအနေများ၊ အကြမ်းဖက်မှု ဖြစ်စဉ်ဖြစ်ရပ်များ လျော့ပါးစေရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ဆောင် ရွက်လျက်ရှိသည့် အခြေအနေများ နှင့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေး၊  နိုင်ငံတော် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

 

ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးမြှင့်တင်

 

ဆက်လက်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် ဆွေးနွေးပြောကြားရာ တွင် ဟုမ္မလင်းဒေသသည် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည့် အခြေအနေများစွာကို ပိုင်ဆိုင်ထားရှိပြီးဖြစ်ကြောင်း၊ ဒေသတွင်းဖြစ်ထွန်းသည့် လက်ဖက်၊ ရော်ဘာစိုက်ပျိုး ခြင်းများကို အားပေးဆောင်ရွက် ကြရန်လိုကြောင်း၊ ထို့ပြင် ဒေသ တွင်း၌ မြေပဲ၊ နှမ်း၊ ဆီမုန်ညင်း တို့လည်း စိုက်ပျိုးကြကြောင်း၊ ဝါးသယံဇာတနှင့် ကြိမ်များလည်း ထွက်ရှိကြောင်း၊ ရွှေအပါအဝင် သဘာဝမှ ပေးအပ်ထားသည့် သယံဇာတ အရင်းအမြစ်များစွာ ကြွယ်ဝသည့် ဒေသတစ်ခုလည်း ဖြစ်ကြောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့များလည်း ထွက်ရှိကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် အဓိက လိုအပ်သည့် လျှပ်စစ်စွမ်းအားရရှိရေးကို ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း။

 

လူအများစု လုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်မှသာလျင် နိုင်ငံ့စီးပွားရေးသည်လည်း ဖွံ့ဖြိုးတိုးတက် မည်ဖြစ်သဖြင့် မိမိတို့အနေဖြင့် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ MSME လုပ်ငန်းများကို အားပေးဆောင်ရွက်နေရခြင်းမှာ တိုင်းပြည်၏ စီးပွားရေးမြှင့်တင်ရန်၊ ပြည်ပသွင်းကုန်များ အစားထိုးနိုင်ရန်နှင့် ပြည်ပသို့ ပြည်တွင်းထုတ်ကုန်များ တင်ပို့နိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ဒေသမှထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း။

 

ဟုမ္မလင်းဒေသတွင် ဒေသတွင်း သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပြီး တစ်ဧကအထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသတွင်းရှိပြည်သူများ၏ ဝင်ငွေသည်လည်းများစွာ တိုးတက်လာမည်ဖြစ်သကဲ့သို့ လူမှုစီးပွားဘဝသည်လည်း မြင့်တက်လာမည်ဖြစ်ကြောင်း၊ ဟုမ္မလင်းဒေသ၌ အရည်အသွေးကောင်းမွန်သည့် ဆန်နှင့် အခြားစိုက်ပျိုးရေး ထုတ်ကုန်များ ထွက်ရှိကြောင်း၊ ထို့ကြောင့် ဒေသတွင်း စိုက်ပျိုးရေး ထုတ်ကုန်များကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင် မည်ဆိုပါက ဒေသဖွံ့ဖြိုးတိုးတက် မှုကိုများစွာအကျိုးပြုနိုင်မည်ဖြစ်ကြောင်း။

 

စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် သုံးရေရရှိရေးကိုလည်း ချင်းတွင်းမြစ်မှ မြစ်ရေတင်လုပ်ငန်းများဖြင့် ဆောင်ရွက်၍ ရနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းတွင် မျိုး၊ မြေ၊ ရေ၊ နည်း ဟူ၍ ရှိပြီး မျိုးကောင်းမျိုးသန့် ရရှိရန်၊ မြေကို နည်းစနစ်တကျ ပြုပြင်အသုံးပြုရန်၊ စိုက်ပျိုးရေ ဖူလုံစွာရရှိရန်၊ မှန်ကန်သည့် စိုက်နည်းစနစ်ရှိရန်နှင့် သွင်းအားစုများကို မှန်မှန်ကန်ကန်ဖြင့် ထည့်သွင်းအသုံးပြုရန် လိုအပ် မည်ဖြစ်ကြောင်း၊ ဒေသတွင်း ဖြစ်ထွန်းသည့် ရော်ဘာစိုက်ပျိုးမှုများကို တိုးမြှင့်ဆောင်ရွက်ကြရန် လိုပြီး နိုင်ငံ၏ ရော်ဘာထုတ်ကုန် ပစ္စည်းလိုအပ်ချက်များကို ပြည့်မီ အောင် ဆောင်ရွက်နိုင်မည်ဆိုပါ က ဒေသဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။

 

စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ပတ်သက်သည့် အသိပညာရှင်၊ အတတ်ပညာရှင် လူ့စွမ်းအား အရင်းအမြစ်ကောင်းများ လိုအပ် မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံနှင့်အဝှမ်း စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းများနှင့် သိပ္ပံများဖွင့်လှစ်၍ အားပေးဆောင်ရွက် လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ပြည်တွင်း စီးပွားရေးလုပ်ငန်းများကို အဓိကထား အားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

 

သွင်းအားစု၊ အရင်းအနှီး၊ နည်းပညာနှင့် လူသားအရင်းအမြစ်ကောင်းများ လိုအပ်

 

ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် သွင်းအားစု၊ အရင်းအနှီး၊ နည်းပညာနှင့် လူသားအရင်း အမြစ်ကောင်းများ လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သွင်းအားစုများဖြစ်သည့် မြေဩဇာ အခက်အခဲ၊ လျှပ်စစ်စွမ်းအား အခက်အခဲများကို နည်းလမ်း အမျိုးမျိုးဖြင့် ကျော်လွှားနိုင်သည် ဖြစ်သော်လည်း စက်သုံးဆီ ဈေးနှုန်းကြီးမြင့်မှုကို မိမိတို့အနေ ဖြင့် အခြားနိုင်ငံများ နည်းတူ ရင်ဆိုင်ရလျက်ရှိကြောင်း၊ မိမိတို့ နိုင်ငံတွင် မော်တော်ယာဉ် တစ်သန်း ကျော်၊ မော်တော်ဆိုင်ကယ် ခြောက်သန်းကျော်ခန့်ရှိပြီး နေ့စဉ် စက်သုံးဆီ ဂါလန်ပေါင်းများစွာ သုံးစွဲလျက်ရှိကြောင်း၊ ထို့ကြောင့် တတ်နိုင်သရွေ့ လောင်စာဆီ ချွေတာသုံးစွဲရန် တိုက်တွန်း ပြောကြားလိုကြောင်း၊ အရင်းအနှီး နှင့် ပတ်သက်၍ နိုင်ငံတော်မှ လိုအပ်သည့် ရင်းနှီးမတည်ငွေများကို ထုတ်ချေးပေးလျက်ရှိပြီး ချေးငွေတွင် Developing ချေးငွေ နှင့် Commercial ချေးငွေ ဟူ၍ ရှိကြောင်းနှင့် ချေးငွေအမျိုးအစား အလိုက် အတိုးနှုန်းများ ကွာခြား သွားမည်ဖြစ်ကြောင်း။

 

လူသားအရင်းအမြစ်ကောင်းများရရှိရေးနှင့် ပတ်သက်၍ မိမိတို့နိုင်ငံ၏ လူဦးရေ ၅၀ ရာခိုင် နှုန်းခန့်သည် အလယ်တန်းပညာ အရည်အချင်းအောက်၌သာရှိကြောင်း၊ ၂၅ နှစ်အထက်လူဦးရေ ၈ ရာခိုင်နှုန်းခန့်သည် စာလုံးဝ တတ်မြောက်ခြင်း မရှိသည်ကို စာရင်းဇယား အချက်အလက်များအရ တွေ့ရှိရကြောင်း၊ အတန်းပညာ တတ်မြောက်မှသာလျှင် အတတ်ပညာများကို ဆက်လက် သင်ယူနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ကျောင်း တက်ရောက်ရန်နှင့် ပညာသင်ကြားနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ကျောင်းနေ အရွယ်ကလေးအားလုံး ပညာသင်ကြားနိုင်ရေး ကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များကို ဖွင့်လှစ်ပေးပြီးဖြစ်သဖြင့် ကျောင်း တက်ရောက်ရန် အားပေး ဆောင်ရွက်ကြစေလိုပြီး ပညာရေးကို အားပေးဆောင်ရွက်ကြစေလိုကြောင်း၊ ဒေသတစ်ခုဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ် သည်များ ဆောင်ရွက်ပေးရန်မှာ အစိုးရ၏ တာဝန်ဖြစ်ပြီး လူတစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက်သည် တစ်ဦးချင်း၏ ကြိုးစားအားထုတ်မှုဖြင့်သာ သက်ဆိုင်သည်ဖြစ်သဖြင့် အခြေခံလိုအပ်ချက်ဖြစ်သည့် ပညာရေးကို အားပေးဆောင်ရွက် ကြစေလိုကြောင်း၊ ပညာရေးကို အားပေးမှသာလျှင် ဒေသနှင့် နိုင်ငံ၏ လူသားအရင်းအမြစ်များသည်လည်း ပေါကြွယ်ဝလာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် တစ်ဦး တစ်ယောက်ချင်းမှစ၍ ပညာရေး ကို အလေးထားအားပေး ဆောင်ရွက်ကြစေလိုကြောင်း။

 

ဒေသ၏ ရှိရင်းစွဲအရင်းအမြစ်များကို အကျိုးရှိရှိ အသုံးချရန်နှင့် လိုအပ်သည်များကို နိုင်ငံတော်မှ  ဖြည့်ဆည်းပေးသွားမည်

 

မိမိအနေဖြင့် ဒေသတွင်း ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် လိုအပ် သည်များ ဆောင်ရွက်ပေးနိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ဒေသတွင်း လည်ပတ်ရင်းနှီးငွေများစွာရှိခြင်းသည် ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေ မည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွား တိုးတက်ရေးအတွက် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် နေသည့် ကျေးလက်နေပြည်သူများ၏ စီးပွားရေးကို အားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ငွေကြေးလည်ပတ်မှုများ ကောင်းမွန်လာပြီး နိုင်ငံ့ စီးပွားရေးမြင့်တက်လာမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသ၏ ရှိရင်းစွဲ အရင်းအမြစ်များကို အကျိုးရှိရှိ အသုံးချကြစေလိုကြောင်းနှင့် လိုအပ်သည်များကို နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း တိုက်တွန်း ပြောကြားသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ အတွက် လက်ဆောင်ပစ္စည်းများကို ပေးအပ်ရာ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်တို့က လက်ခံရယူကြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသည့် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ ဟုမ္မလင်း ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား ရေး (MSME) လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

 

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ခင်းကျင်းပြသထားသည့် သယံဇာတတွင်းထွက် ထုတ်ကုန်များ၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှု လက်မှုထုတ်ကုန်၊ ရိုးရာလက်မှု ထုတ်ကုန်များ၊ အဝတ်အထည်များ၊ တိုင်းရင်းဆေးများ စသည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ပြကွက် တစ်ခုချင်းစီအလိုက် စိတ်ဝင်တစားဖြင့် လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှုအခြေအနေများကို မေးမြန်းဆွေးနွေးရာ လုပ်ငန်းအလိုက် စီးပွားရေးလုပ်ငန်းရှင်များက လိုက်လ ရှင်းလင်း တင်ပြခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်