ဒေသတွင်းမှ အမေရိကန်တပ်ဖွဲ့ရုပ်သိမ်းရန် အီရန်ထိပ်တန်းခေါင်းဆောင် တိုက်တွန်း

တီဟီရန် ၉ ဇန်နဝါရီ

ဒေသအတွင်းမှ အမေရိကန်တပ်ဖွဲ့ ရုပ်သိမ်းရန် အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာအာလီခါမေနီက အမေရိကန်ပြည်ထောင်စုကို ယမန်နေ့က တိုက်တွန်းလိုက်သည်။ အီရန်က အီရတ်နိုင်ငံအတွင်းရှိ အမေရိကန်တပ်စခန်းနှစ်ခုကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် နာရီပိုင်း အတွင်း အီရန်ထိပ်တန်းခေါင်းဆောင်က ယခုလိုပြောကြား ခဲ့ခြင်းဖြစ်သည်။

အီရတ်နိုင်ငံအတွင်းရှိ အမေရိကန်တပ်စခန်းနှစ်ခုအပေါ် အီရန်က ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ သို့သော် ယင်းကဲ့သို့သော စစ်ဆင်ရေးသည် ဒေသတွင်းမှ အမေရိကန်တပ်ဖွဲ့ထွက်ခွာရေးအတွက် မလုံလောက်သေးကြောင်း၊ အရေးကြီးသည်မှာ ဒေသအတွင်း အမေရိကန်တပ်ဖွဲ့ နေထိုင်မှုအဆုံး သတ်စေရေးပင်ဖြစ်ကြောင်း အီရန်ထိပ်တန်းခေါင်းဆောင်ခါမေနီက နိုင်ငံပိုင် ရုပ်သံလွှင့်ဌာနမှတစ်ဆင့် ယနေ့ပြောကြားခဲ့သည်။

အမေရိကန်တပ်ဖွဲ့က စစ်ပွဲ၊ နိုင်ငံတော်အကြည်ညို ပျက်မှု၊ ပျက်စီးဆုံးရှုံးမှုနှင့် ခွဲခြားဆက်ဆံမှုများကို ဒေသ အတွင်းသို့ ယူဆောင်လာခဲ့ကြောင်း၊ သို့ဖြစ်ရာ မိမိတို့ဒေသ နှင့် လူမျိုးများအနေဖြင့် ဒေသတွင်း အမေရိကန်တပ်ဖွဲ့ နေထိုင်မှုကို ကြာကြာလက်သင့်ခံမည်မဟုတ်တော့ကြောင်း ခါမေနီက ထပ်မံပြောကြားခဲ့သည်။

ထို့အပြင် ခါမေနီသည် အမေရိကန်နှင့် အစ္စရေးတို့၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များအပေါ် ဆန့်ကျင် တိုက်ခိုက်မှုနယ်ပယ်၌ အီရန်ဗိုလ်ချုပ်ကြီး ကာဆမ်းဆိုလည်း မန်းနီ၏ ရဲစွမ်းသတ္တိကိုလည်း ချီးကျူးခဲ့သည်။

အီရန်ထိပ်တန်းတပ်မှူး ဗိုလ်ချုပ်ကြီး ကာဆမ်းဆို လန်းမန်းနီသည် ဇန်နဝါရီ ၃ ရက်က ဘဂ္ဂဒက်အပြည်ပြည် ဆိုင်ရာ လေဆိပ်အနီးရှိ အမေရိကန်၏ လေကြောင်းတိုက် ခိုက်မှုတွင် သေဆုံးခဲ့သည်။ အီရန်ဗိုလ်ချုပ်ကြီး ကာဆမ်းဆို လန်းမန်းနီ လုပ်ကြံခံရမှုနှင့်ပတ်သက်၍ လက်တုံ့ပြန်သည့်အနေဖြင့် အီရတ်နိုင်ငံရှိ အမေရိကန်တပ်စခန်းနှစ်ခုကို အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်က ဒုံးကျည်များဖြင့် ဇန်နဝါရီ ၈ ရက်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုးကား-ဆင်”၊ ဘာသာပြန်-ဂျေတီ