ဒေသတွင်းသားငါးကဏ္ဍ ဖူလုံပိုလျှံရေး ငါးမွေးမြူရေးဇုန် ဆောင်ရွက်ရန် လျာထားမြေနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဘားအံ    ဧပြီ    ၂၃

 

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ ဧပြီ ၂၃ ရက် နံနက်ပိုင်းက ဒေသတွင်း သားငါးကဏ္ဍ ဖူလုံပိုလျှံစေရေး သမ္ဘာန်ကျေးရွာ အုပ်စုအတွင်း အောင်ငွေဖူးကုမ္ပဏီလီမိတက်မှ ငါးမွေးမြူရေးဇုန်ဆောင်ရွက်ရန် လျာထားသောမြေ နေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သမ္ဘာန်ကျေးရွာ စိုက်ပျိုးရေးသုတေသနမျိုးပွားခြံသို့ ရောက်ရှိပြီး ခြံတာဝန်ခံရုံးခန်း၌ ငါးမွေးမြူရေးဇုန်လုပ်ကိုင်ဆောင်ရွက်ရန် အဆိုပြုတည်နေရာနှင့် စပ်လျဉ်း၍ ဆွေးနွေးကြရာ ဘားအံခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်လွင်၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစုံမိုင်းနှင့် အောင်ငွေဖူး ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများက ခန့်မှန်း အဆိုပြုဧရိယာ ၂၇၇ ဒသမ ၇၂ ဧကခန့်၌ ငါးမွေးမြူရေးဇုန် လုပ်ကိုင်ဆောင်ရွက်မည့် အစီအမံများ၊ အဆိုပါမြေဧရိယာအတွင်း တောင်သူများ၏ စိုက်ပျိုးလုပ်ကိုင်မှုအခြေအနေ၊ တောင်သူများနှင့် တွေ့ဆုံ ညှိနှိုင်းမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေးသုတေသနမျိုးပွားခြံ၏ ကုန်ထုတ်လမ်းနှင့် Pipe Culvert ငါးစင်းတည်ဆောက်ခြင်းလုပ်ငန်း၊ အုတ်တံတိုင်းတည်ဆောက်ခြင်းလုပ်ငန်း၊ အတွင်းလမ်းခင်းခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးရေးသုတေသနမျိုးပွားခြံရှိ ခြွေလှေ့စက်၊ အခြောက်ခံစက်၊ မျိုးစေ့သန့်စင်စက်များကို တောင်သူများလာရောက်အသုံးပြုနိုင်ရေး စီစဉ် ဆောင်ရွက်ပေးရန်နှင့် လိုအပ်သည်များကို မှာကြားသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့နယ်၊ ရွာသာအေးမွေးမြူရေးဇုန် ရှင်းလင်းဆောင်သို့ရောက်ရှိပြီး မွေးမြူရေးတောင်သူများနှင့်တွေ့ဆုံရာ ဘားအံခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က မွေးမြူရေးဇုန် အကွက်ချထားမှုနှင့် မွေးမြူသည့်တိရစ္ဆာန်အမျိုးအစားများအား ရှင်းလင်းတင်ပြပြီး မွေးမြူရေးဇုန်ကော်မတီဥက္ကဋ္ဌက ဇုန်အတွင်းမွေးမြူထားရှိမှု၊ ရေပိုက်လိုင်းများ သွယ်တန်းပေးနိုင်ရေး၊ လျှပ်စစ်မီတာရရှိနိုင်ရေး၊ ပေ ၁၀၀၀ ခန့်ရှိလမ်း အား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ရေး၊ ချေးငွေရရှိနိုင်ရေးနှင့် မွေးမြူရေးတောင်သူများ ကြုံတွေ့နေရ သည့်အခက်အခဲ၊ လိုအပ်ချက်များအား ဆွေးနွေးတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ရွာသာအေးမွေးမြူရေးဇုန်တွင် ဥစားကြက်ကောင်ရေ ၂၃၁၀၀၊ အသားစားကြက်ကောင်ရေ ၁၅၀၀၊ ဆိတ် ၁၄၀ ကောင်၊ ဝက် ၁၆၉ ကောင်၊ နွား ၃၅ ကောင်၊ တိုင်းရင်းကြက်ကောင်ရေ ၂၀၀ တို့ကို မွေးမြူထားရှိပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇုန်အတွင်းမွေးမြူထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)