ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အိန္ဒိယအစိုးရက မြန်မာနိုင်ငံအတွက် လှူဒါန်းထားသော ဆန်နှင့်ဂျုံများ ထောက်ပံ့ပေးအပ်

ရန်ကုန်    ဧပြီ    ၂၃

 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အိန္ဒိယအစိုးရက မြန်မာနိုင်ငံအတွက် လှူဒါန်းထားသည့် ဆန်နှင့်ဂျုံများကို ဒဂုံမြို့သစ်(အရှေပိုင်း)မြို့နယ် ၁၃ ရပ်ကွက်၊ သစ်တောလမ်းရှိ သာသနာ့သဟာယ ဆွမ်းလောင်းဓမ္မာရုံ၌ ဧပြီ ၂၃ ရက် နံနက်ပိုင်းက ရပ်ကွက်နေပြည်သူများအတွက် ဆန်အိတ် ၅၄၀၊ ဂျုံ တစ်ကီလိုအိတ် ၅၄၀ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အိန္ဒိယအစိုးရမှ မြန်မာနိုင်ငံသို့ ထောက်ပံ့လှုဒါန်းထားသော ဆန်နှင့် ဂျုံအိတ်တို့အား ဧပြီလ ၂၃ ရက်တွင် အမှတ် ၁၃ ရပ်ကွက်ရှိ အိမ်ထောင်စု ၃၇၁ စုအတွက် ဆန်အိတ် ၃၇၁ အိတ်၊ ဂျုံအိတ် ၁၀ အိတ်နှင့် အမှတ် ၃ ရပ်ကွက်ရှိ အိမ်ထောင်စု ၁၆၉ စုအတွက် ဆန်အိတ် ၁၆၉ အိတ်၊ ဂျုံအိတ် လေးအိတ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး‌ ကျန်ရှိသည့် ရပ်ကွက်/ကျေးရွာများကိုလည်း ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေတို့ တက်ရောက်အားပေးခဲ့ကြ‌သည်။

ဝင်းအိမွန်(ဒဂုံအရှေ့ပြန်/ဆက်)