ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ဆိုင်ကယ်ခိုးမှု ကျူးလွန်သူ(၂)ဦးကို ဖမ်းဆီးရမိ

ရန်ကုန် ၁၁  ဇူလိုင် 

 

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနခွဲမှ တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၅  ရက်နေ့က ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်အတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက်သတင်းများ စုံစမ်းဆောင်ရွက်နေစဉ် ဆိုင်ကယ်ခိုးမှုများ ကျူးလွန်ထားကြောင်း ကြိုတင်သတင်းရရှိထားသူ ဇော်မျိုးလတ်(ခ)ဘချစ်(ခ)  ဘခက် နှင့် မဝင်းရတီဖြိုး(ခ)ဖြိုးလေး တို့(၂)ဦးကို (၉၇)ရပ်ကွက်၊ ဒဂုံသီရိလမ်းမပေါ်၌ CANDA CZI 125 အမျိုးအစား ဆိုင်ကယ်(၁)စီးနှင့်အတူ တွေ့ရှိစစ်ဆေးရာ အဆိုပါ ဆိုင်ကယ်အား ဇွန်လအတွင်းက ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊(၉၃)ရပ်ကွက်၊ ပဲခူးမြစ်လမ်း၊ ကုလားဝဲတံတားအဆင်း လမ်းဘေးမှ ခိုးယူလာခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဖမ်းဆီးခဲ့သည်။

 

ဖမ်းဆီးရမိသူ ဇော်မျိုးလတ်(ခ)ဘချစ်(ခ)ဘခက် နှင့် မဝင်းရတီဖြိုး(ခ)ဖြိုးလေး တို့(၂)ဦးကို အခြားခိုးမှုများ ကျူးလွန်ခဲ့ခြင်းရှိ/မရှိ အသေးစိတ်တိုက်ဆိုင်စစ်ဆေးခဲ့ရာ ၎င်းတို့(၂)ဦးသည် ယခုနှစ် ဧပြီလမှ ဇွန်လအထိ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း လှည့်လည်သွားလာ၍ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အတွင်း လမ်းဘေး၌ ရပ်ထားသောဆိုင်ကယ်(၈)စီး၊ ပုသိမ်မြို့နယ် ပြည်သူ့ဆေးရုံကြီးအတွင်းမှ ဆိုင်ကယ်(၁)စီး၊ စုစုပေါင်း ဆိုင်ကယ်အမျိုးမျိုး (၉) စီးကို ခိုးယူခဲ့ကြကြောင်း ထပ်မံစစ်ဆေးပေါ်ပေါက်ခဲ့သည်။

 

စစ်ဆေးပေါ်ပေါက်ချက်အရ အမှုမှသက်သေခံပစ္စည်း ဆိုင်ကယ်(၉)စီးကို ပြည်လည်သိမ်းဆည်းရရှိပြီးဖြစ်၍ ခိုးမှုကျူးလွန်သူ ဇော်မျိုးလတ်(ခ)ဘချစ်(ခ)ဘခက် နှင့် မဝင်းရတီဖြိုး(ခ)ဖြိုးလေး တို့(၂)ဦးကို ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)