ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တို့တွင် လုယက်မှုကျူးလွန်သူ တစ်ဦးကို ဖမ်းဆီးရမိ

ရန်ကုန်  ၂၀  မတ် 
    

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များသည် မတ်လ ၃ ရက်နေ့ ည ၇ နာရီတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ခိုး၊ဆိုး၊လု၊နှိုက်သတင်းများ စုံစမ်းဆောင်ရွက်နေစဉ် ခိုးမှု/လုယက်မှုများကျူးလွန်ထားကြောင်း ကြိုတင်သတင်းရရှိထားသူ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ (၁၀၄) ရပ်ကွက်၊ ပေါ်ဆန်းမွှေး(၁)လမ်းနေ ဝင်းထိုက်အောင် အား (၁၀၅)ရပ်ကွက်၊ မင်းရဲကောင်းပုံ လမ်းမပေါ်၌ တွေ့ရှိစစ်ဆေးရာ ၎င်းလက်အတွင်းရှိ Samsung Galaxy J2 Prime အမျိုးအစား ဖုန်း(၁)လုံးနှင့် ငွေ(၂၀,၀၀၀)ကျပ်တို့အား မွန်းလွဲ ၃ နာရီခန့်က ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၂၈)ရပ်ကွက်၊ အောင်ရတနာလမ်းနှင့် အောင်သီရိလမ်းထောင့်အနီး လမ်းလျှောက်လာသော အမျိုးသမီးတစ်ဦး ထံမှ လုယူလာခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့သည်။
    

ဖမ်းဆီးရမိသူ ဝင်းထိုက်အောင်အား အခြားခိုးမှု/လုယက်မှုများဖြင့် အသေးစိတ် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ၎င်းသည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလအတွင်း ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းမှ ရွှေနားကပ်(၁)ရန်၊ ရွှေနားကွင်း (၁)ရန်နှင့် အခြားလက်ကိုင်ဖုန်း(၂၅)လုံးတို့ကို လုယူခဲ့ကြောင်း ထပ်မံစစ်ဆေးပေါ်ပေါက်သည်။
    

စစ်ဆေးပေါ်ပေါက်ချက်အရ အမှုမှ သက်သေခံပစ္စည်း ဖုန်းနှင့်ရွှေထည်ပစ္စည်းများကို ပြန်လည် သိမ်းဆည်းရရှိပြီးဖြစ်၍ လုယက်မှုကျူးလွန်သူ ဝင်းထိုက်အောင်ကို ဥပဒေနှင့်အညီ အမြန်တရားစွဲ တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

သတင်းစဉ်