ဓားစာခံအချို့လွှတ်ပေးရေး ဟားမားစ်နှင့် သဘောတူညီမှုရရှိပြီဟူသောအချက်ကို အစ္စရေးဝန်ကြီးချုပ်ငြင်းဆို

ဂါဇာ    နိုဝင်ဘာ    ၁၉

ဂါဇာကမ်းမြောင်ဒေသတွင်     အပစ်အခတ်ရပ်နားထားပါက    အပြန်အလှန်အနေဖြင့် ဟားမားစ် အုပ်စုက ဖမ်းဆီးထားသည့် ဓားစာခံအချို့ကို   ပြန်လွှတ်ပေးရန်  အစ္စရေးနှင့် ဟားမားစ်တို့      သဘော တူညီမှုရရှိထားသည်ဟူသော အချက်ကို    အစ္စရေးဝန်ကြီးချုပ်   ဘင်ဂျမင်နေတန်ယာဟုက    ငြင်းဆို ထားသည်။

ကောလာဟလများစွာရှိပြီး  မမှန်ကန်သည့် သတင်းပေးပို့မှုများလည်းရှိကြောင်း၊ အားလုံးကို   ရှင်းရှင်း လင်းလင်း ဖြစ်စေချင်ကြောင်း၊  ယခုအချိန်အထိမည်သည့်သဘောတူညီမှုမှ မရရှိသေးကြောင်း       အစ္စရေးဝန်ကြီးချုပ်က ပြောသည်။  အကယ်၍  ပြည်သူများအားလုံးကို ရှင်းပြရန်လိုအပ်လာပါက      သတင်းထုတ်ပြန်သွားမည်ဟု ၎င်းကပြောသည်။

ကမ္ဘာအရပ်ရပ်မှ  လူပေါင်းများစွာတို့သည်  အစ္စရေးကို  အလုံးစုံအပစ်အခတ်ရပ်စဲရေးအတွက်  ဖိအား ပေးနေကြသည်ဟု ၎င်းကဆက်လက်ပြောသည်။  အလုံးစုံအပစ်အခတ်ရပ်စဲရေးကို  ငြင်းဆိုပြီး   ဓားစာခံများ    ပြန်လွှတ်ပေးရေးအတွက်သာ  ယာယီအပစ်အခတ်ရပ်စဲမှုကို   သဘောတူမည် ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောသည်။

အင်န်အိတ်ချ်ကေ