ဓာတ်ငွေပိုက်လိုင်းတည်ဆောက်မှုအပေါ် အမေရိကန်၏ ပိတ်ဆို့မှုကို ရုရှား ဝေဖန်

မော်စကို ၂၄  ဒီဇင်ဘာ

ရုရှားနိုင်ငံက သဘာဝဓာတ်ငွေ့ တင်ပို့မှုမြှင့်တင်ရန် ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှု လုပ်ငန်းများအပေါ် အမေရိကန်က အရေးယူပိတ်ဆို့သည့် ဥပဒေပြဋ္ဌာန်းလိုက်မှုကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဝေဖန်အပြစ်တင်လိုက်ကြောင်း သိရသည်။ ။

ပင်လယ်ရေအောက် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းများဖြစ်သည့် ဂျာမနီနိုင်ငံ၏ Nord Stream 2 စီမံကိန်းနှင့် တူရကီနိုင်ငံ၏ Turkstream စီမံကိန်းများကို ပစ်မှတ်ထား အရေးယူပိတ်ဆို့မည့် ဥပဒေတစ်ရပ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်က လက်မှတ်ရေးထိုး အတည်ပြုခဲ့သည်။ ထိုသို့ အတည်ပြုခဲ့မှုအပေါ် ရုရှားက အမေရိကန်သည် ဥရောပဆီသို့ ရုရှား၏ လောင်စာဆီတင်ပို့မှုကို ခိုးယူရန်ကြိုးစားနေခြင်းဖြစ်ကြောင်း စွပ်စွဲပြောကြားလိုက်သည်။

အမေရိကန်က အတည်ပြုလိုက်သည့် အဆိုပါဥပဒေသည် ရုရှား၏ လောင်စာတင်ပို့မှုအတွက် အနှောင့် အယှက် ဖြစ်စေသည်ထက် ဥရောပ၏ စီးပွားရေးဖွံ့ဖြိုးမှုကို နှောင့်နှေးစေစေလိမ့်မည်ဖြစ်ကြောင်း ရုရှားက ဝေဖန်ခဲ့သည်။ ထို့ပြင် ရုရှားက အမေရိကန်သည် ၎င်း၏ ပထဝီနိုင်ငံရေးဆိုင်ရာ ရည်ရွယ်ချက်များ  အောင်မြင်ရေး လုပ်ဆောင်ရာတွင် နေတိုးအဖွဲ့ဝင် မဟာမိတ်နိုင်ငံများကိုလည်း အလေးမထားကြောင်း ပြောကြားခဲ့သည်။

လက်ရှိတွင် အမေရိကန်သည် နေတိုးအဖွဲ့ဝင်နိုင်ငံများကို ကာကွယ်ရေးဘတ်ဂျက်တိုးမြှင့်ရန် တောင်းဆိုနေသည့် အတွက် အမေရိကန်အစိုးရနှင့် နေတိုးအဖွဲ့တို့အကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ