ဓာတ်ရထားနှင့် ဆိုက်ကား

ဆူးငှက်

ကုန်လွန်ခဲ့သော နှစ်ပေါင်း ၇ဝ ကျော်ကာလ ဒုတိယကမ္ဘာစစ်ကြီး ပြီးကတည်းက ယိုယွင်းခဲ့သော မန္တလေးမြို့ သန့်ရှင်းရေးမှာ ပြန်လည်အားယူနာလန်ထူစ ပြုပေမယ့် အရှိန်မရသေးပေ။ အထူးသဖြင့် ထိုခေတ်ထိအချိန်က ဈေးချိုတော်ကြီးအတွင်း သန့်ရှင်းရေးမှာ အဆင်မပြေသေးပုံကို ထိုအချိန်က ထုတ်ဝေသည့် မန္တလေးမြို့ထုတ် နဂါးနီဂျာနယ် အမှတ် ၃ (၁၃၀၇ ခု တပေါင်းလဆန်း ၇ ရက်ထုတ်)တွင် “ကမ္ဘာလုံးဆိုင်ရာ တယ်လီဖုန်းသတင်း” ကဏ္ဍ၌ ဈေးချိုတော် အရှေ့ဘက် တိုက်တန်းကြီးအနောက်နား၌ အမှိုက်များစုပုံနေကြောင်း အိမ်သာများကိုလည်း သန့်ရှင်းစွာပြုပြင်ကာ ဆေးများဖျန်းပေးစေလိုကြောင်း ရေးသားထားသည်ကို ဖတ်ရှုရသည်။

ဘူတာလေး

ထိုစဉ်က မန္တလေးမြို့ ၂၆ ဘီ အာဇာနည်လမ်း မြောက်ဘက် ရွှေတချောင်း မြောင်း ကမ်းအရှေ့ဘက်က တစ်ထပ်တိုက် “ဘူတာလေး” ကတော့ မန္တလေးမြောက်ဘက်ရှိ မတ္တရာမြို့လေးသို့ ပြေးဆွဲသော တစ်စင်းတည်းရှိ မီးရထားလေး တစ်စင်းတည်းသာ ဆိုက်ကပ်ထွက်ခွာရာ ဘူတာလေးပဲဖြစ်၏။ မီးရထားသံလမ်းကလည်း ပုံမှန်လမ်းများထက်သေးသည်။ မီးရထားတွဲဆိုင်း များကလည်း သေးသည်။ ထို့ကြောင့် ရေနွေးငွေ့စက်ခေါင်းကလည်း ခပ်သေး သေးလေးဖြစ်သည်တဲ့ ...။ အိန္ဒိယသား ကုလားသူဌေး မနာဂျီ ပိုင်ဆိုင်သော မီးရထားလေးမို့ ... မြန်မာအသံထွက်နှင့် “မနှင်းဆီ” ဟုပဲခေါ်ကာ ... “မနှင်းဆီ မီးရထား” ဟုပဲ အများစုက သိရှိကြသည်။ မနှင်းဆီရထားက ရွှေတချောင်း မြောင်းအတိုင်း မြောက်သို့ မတ္တရာအထိ ခေါက်ပြန်ပြေးဆွဲသတဲ့။ ဈေးချိုနှင့် ရွှေတချောင်းကလည်း ခွဲခြားလို့မရ။

ရွှေတချောင်း

ဘိုးတော်ဘုရားလက်ထက်က တူးဖော်ခဲ့သော ရွှေတချောင်းက စိုက်ပျိုးရေ အတွက်သာမက မတ္တရာတစ်ကြောက ကောက်ပဲသီးနှံများ သယ်ယူပို့ဆောင်ရေးအတွက် ရေလမ်းအဖြစ်လည်း အသုံးတည့်သောကြောင့် မင်းတုန်းမင်း၏ မန္တလေးမြို့တည်ပန္နက်တွင် ဈေးချိုကို ရွှေတချောင်းကမ်းပေါ်လျာထား တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ မြောက်ဘက် မတ္တရာမြစ်မှသည် ရွှေလောင်း ချောင်းဖြင့် စတင်ကာ မန္တလေးမြို့အနောက်ခြမ်း၌ တာပေါင်း ၂၇၀၀ ကျော် ရှည်လျားသည့် ရွှေတချောင်းမြောင်းတော်ကလည်း ရေသန့်ရေရှင် သွင်သွင်စီးကာ ဈေးချိုတော်အောက်ဘက်မှကပ်ကာ စီးဆင်းသွား၏။ ရွှေတချောင်းမြောင်းထဲတွင် ဈေးလာဈေးပြန် လှေလောင်းများဖြင့် ပြည့်နေ သည်။ ဈေးချိုတော်အနောက်ဘက်တည့်တည့်၊ အိမ်တော်ရာ ဆင်တံတားထိပ် ဆင်ကြီးနှစ်ကောင်အရုပ်ကြီးများရှိရာ ရွှေတချောင်းရေဆိပ်ကား အစည်ကား ဆုံးဖြစ်ပါသည်။ ရွှေတချောင်းရေဆိပ်မှာ လှေများဆိုက်ကပ်ကာ တက်သူ ဆင်းသူများဖြင့် ရှုပ်ယှက်ခတ်နေသလို ရေချိုးသူ၊ ရေကူးသူများဖြင့်ပင် စည်ကားနေသည်ဟု ဆို၏။

ဝက်တော်

ထို့ကြောင့် ဈေးချိုတော်ကြီး အနောက်မြောက်ထောင့်၊ နာရီစင်အရိပ်အောက် က “ဆိုင်ဒူးခန်း” လက်ဖက်ရည်ဆိုင်တွင် မြို့မအသင်းသားများနှင့် ထိုင်ကြရင်း အရပ်လေးမျက်နှာ မျက်စိတစ်ဆုံးမြင်ရ၊ နားတစ်ဆုံးကြားရသည်များကို မြို့မတူရိယာအသင်းကို စတင်တည်ထောင်သူထဲ တစ်ဦးအပါအဝင်ဖြစ်သည့် ဆရာမြို့မငြိမ်းက သီချင်းတစ်ပုဒ် ရေးဖွဲ့ခဲ့ပါ၏။ ဆရာမြို့မငြိမ်းက သူ့သီချင်း တွင် ဈေးချိုတော်အနီးတစ်ဝိုက်က မြင်ကွင်းများအပြင် ညစ်ပတ်ပေရေနေသော ဈေးချိုတော်ကြီး၏ သန့်ရှင်းရေးကို “ဝက်တော်” ခေါ် ဝက်များက တာဝန်ယူ ဖြေရှင်းနေရသဖြင့် အမြီးလေးတနန့်နန့်နှင့် ဝဖြိုးနေကြောင်းလည်း ကလိထား သေး၏။ ထို့ပြင် မြို့မအသင်းသားများနှင့် လက်ဖက်ရည်ဆိုင် ထိုင်ဖက်၊ ပိုးဖက်၊ ပြိုင်ဘက် မန္တလေးဥပစာကောလိပ် ကျောင်းသားများကိုလည်း “တို့လည်း ပညာတတ်တွေပါပဲ” ဟု ပခုံးချင်းယှဉ်လိုက်သည့် သမိုင်းရာဇဝင်ဆိုင်ရာ သာမက ရသပညာဘက်ဆိုင်ရာ အနု၊ အလှလေးများလည်း လိုက်လျော အဆင်ပြေစွာ ထည့်သွင်းလိုက်ချေသေး၏။ ထိုသီချင်းအား ခံစားနားဆင် ကြည့်ပါကုန်။

မန္တလေးအမှတ်(၂)သီချင်း
“ ရွှေဉာဏ်ကွန်ရက်၊ ဖြန့်ကြက်ကာပင်၊ 
ရှုတော်မူလိုက်သည်တွင် နောင်သောအခါ၌၊ 
ရှင်ချစ်သာသနာ အဓွန့်ရှည်လို့တည်၊ ထွန်းမှာမြင်။
လဝန်းရည်သို့ စန္ဒမုခိ၊ မန်းတောင်စံဗိမာန်ရှင်
ဖွံ့ဖွံ့ကြိုင်လန်း၊ ဝတ်ပန်းစုံကို ထူးမြတ်ကဲလွန် ... ရဲအလှူတွင်
လက်ရုံးတော်ငင် ... နတ်သမီးမြို့ကြီးတည်အံ့ပင် ..၊
ဗျာဒိတ်တော်ကိုဆင် ..၊ ထင်ရှားစကားငဲ့ပြင်
ဈာနာလာဘီ အဘိညာဉ် မြေလျှိုး .. မိုးထက်တစ်ခွင်
တန်ခိုးပြည့်ဖြိုးစုံလင် ရသေ့မြတ်တို့အရှင်
စကားသိုက်နိမိတ်နဲ့အညီ တည်သော် ရတနာပုံနေပြည်ပင်။
(သံပြိုင်)
ကျုံးလဲ့လဲ့ကြည်လင်၊ ကြည်းရေငှက်တို့ပျော်ရွှင်
ပန်းကြာပဒုံ ကြိုင်ထုံသင်းနံ့ယဉ်
စိမ်းမြမြ မှိုနတို ဟင်းချိုလှပါတယ်ခင်
ဂရင်းလီဗီ၊ ဘယ်ဂျီတေးဘဲလ်ပင်
ကမ်းစလေးတွင် လောကွတ်အတွေးနဲ့
ကျွေးလိုက်ရစေတနာဝင်
မောင်မယ်မြို့မ လေထဲစိတ်ကူးယဉ်
ဘုံတွေဆင့်လို့ နာရီစင်ခေါင်မိုးတွင်
မန်းရွှေမြို့ရဲ့ ကျက်သရေတစ်မျိုးပေါ့
စုလစ်မွမ်းချွန် အာကာဝေဟင် ... ဗိသုကာအတတ်သည် မြန်မာပီယဉ်ယဉ် ..
ပြန်လည်မျှော်မှန်း ဓာတ်ရထားလည်း လွမ်းလောက်တဲ့ပြင်
အဆင့်ဆင့် ဟားပေါက် မှန်မမှန်မဆိုချင်
ဝက်တော်တွေဖီး
အမြီးလေး တနှန့်နန့်မြင်၊
ပျားပန်းခပ်သည်တွင် ရောင်းဝယ်ကူးသန်းဟိုစဉ်
ချောင်းရွှေလှလောင်း စည်ဗုံမောင်းငြိမ့်လွင်
မန်းမြို့သူမူချင်ချင် ဆင်တံတားထိပ် ညောင်ညိုပင်
ခေါင်းလျှော်ရေချိုး တစ်မျိုးကြည့်လို့ယဉ်
အုတ်ကာသွပ်မိုး ဈေးကြီးပြီးမြောက်
ဈေးအနောက်မြောက် မျှော်ပါရင်
အလယ်ကဖောင်းဖောင်း မနှင်းဆီခေါင်းပင် ...” တဲ့။

ဓာတ်ရထား

ရိုးလ်ကုမ္ပဏီဘက်ဆီမှ ဈေးချိုနာရီစင်ဆီအထိ ပြေလျှောဆင်းလာသော အာဇာနည်လမ်းမတစ်လျှောက်တွင်မူ နေရောင်၌ ဓာတ်ရထားသံလမ်း များလည်း လက်လက်ထနေသည်။ သို့သော် ထိုသံလမ်းများပေါ်၌ ဓာတ်ရထား ပြေးဆွဲခြင်းကိုမူ ၁၉၃၉ ဝန်းကျင် (သက္ကရာဇ် ၁၃၀ဝ ပြည့်) ကာလလောက် ကတည်းက ရပ်နားသွားပြီဖြစ်၏။ သွယ်တန်းထားသော ဓာတ်ကြိုးတစ်လျှောက် အမိုးပေါ်ရှိ လက်တံဖြင့်ထိကာ လျှပ်စစ်ဓာတ်အားဖြင့် ပြေးဆွဲရသော ဓာတ် ရထားများကို ဘာစီလိုနာ၊ မက်ဒရစ်နှင့် ကာလကတ္တားမြို့များ၌ ဖောက် လုပ်ပြေးဆွဲခဲ့သည်။ မန္တလေး၌ ပြေးဆွဲခဲ့သော ဓာတ်ရထားများမှာ တစ်ထပ် သာရှိပြီး ဘေးတံခါးများ မပါရှိ သော ဟင်းလင်းဖွင့်များဖြစ်၏။ လူ ၄၈ ယောက် စီး ဓာတ်ရထား ၂၄ စီးဖြင့် ပြေးဆွဲခဲ့သည်။ မန္တလေးမြို့အတွင်း ဓာတ်ရထား လမ်းမှာ ခြောက်မိုင်ခွဲခန့်ရှည်ကာ အသွားလမ်းတစ်လမ်း၊ အပြန်တစ်လမ်း ဖောက်လုပ်ထားသည်။ 

ဘုရားကြီးနှင့် ရုံးကြီး၊ ရုံးကြီးနှင့် ဂေါဝိန်လမ်းနှစ်လမ်း ရှိကာ ခရီးဆုံးဘူတာများကား ရှမ်းစု ဘူတာ၊ မန္တလေးဂေါဝိန်ဆိပ်နှင့် ရုံးကြီးတို့ ဖြစ်သည်။ မန္တလေးမြို့တွင်း ဓာတ်ရထားလမ်းကို ၁၉၀၄ ခု ဇူလိုင် ၁၄ ရက် (၁၂၆၆ ခု၊ ဒုတိယ ဝါဆိုလဆန်း ၃ရက်)က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၈၄ လမ်းတစ်လျှောက် ရှမ်းစုအထိ လမ်းကိုမူ ၁၉၀၇ ခု ဇန်နဝါရီလ ၂၆ ရက် (၁၂၆၈ ခု၊ တပို့တွဲလဆန်း ၁၄ ရက်)နေ့တွင် တိုးချဲ့ဖွင့်လှစ်ခဲ့သည်။ မန္တလေး ဓာတ်ရထားလမ်းများအား ၁၉၀၄ ခုနှစ်တွင် လက်ထောက်ဘုရင်ခံ ဆာဟရူး ဘာနီ(ဘန်းစ်) ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

ဓာတ်ရထားများ မန္တလေး၌ စတင်ပြေးဆွဲစဉ်အခါက ...

“...မန်းမဏ္ဍလ မြန်စန်းနယ်မှာ၊ အံ့မခန်းဖွယ် အခင်းကြုံချက်ထူး၊ ရထား ဓာတ်စက်စေနှင်မှာမူ ဝေဟင်အဇဋာညွှန်ယံဦး၊ လေယာဉ်ပမာ ကွန့်ပျံမြူးလိမ့်၊ အဓွန့်ကဲထူးရှိလို့သာ” ဟူ၍ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုအားပေးခဲ့ကြသည်။ ထို့ကြောင့်လည်း ဓာတ်ရထားကုမ္ပဏီက နောက်ပိုင်းတွင် အလယ်တံခါး ပေါက်ပါသည့် ပိုမိုခံ့ညားသော ပုံစံသစ် ဓာတ်ရထားများပင် ပြေးဆွဲပေးခဲ့သည်။

ဆိုက်ကား

သို့သော် ၁၃၀ဝ ပြည့်နှစ်ဝန်းကျင်၌ ရှေ့၌ဦးခေါင်းချွန်ကြီးများပါရှိသော ဆိုက်ကားများပေါ်လာပြီး ထိုဆိုက်ကားများကိုလည်း အစီးများလာပြန်၏။ ဆိုက်ကားများကား မြန်မာအမျိုးသားအများစု၏ တစ်ဦးချင်းစီ အသီးသီး ပိုင်ဆိုင်ကြသည့် ပုံစံဖြစ်သည်။ ထိုအခါ အင်အားကြီးအရင်းရှင်ကုမ္ပဏီကြီးက တစ်နေကုန်စီး သုံးပဲတန်လက်မှတ်များ ရောင်းချကာ သုံးပဲဖြင့် တစ်နေကုန် ခေါက်တုံ့ခေါက်ပြန် စီးချင်သလောက်စီး။ ထိုလက်မှတ်ဖြင့်ပင် ထိုနေ့အတွက် မည်သူ့မဆို လက်လွှဲစီးနိုင်သည့်စနစ်ကို တီထွင်ခဲ့သည်။ သို့သော် ၁၃၀ဝ ပြည့်ဝန်းကျင်က အမျိုးသားရေးစိတ်ဓာတ် တံခွန်အမြင့်မားဆုံးအချိန်ဖြစ် သည်။ ထိုစိတ်ဓာတ်ဖြင့်ပင် အမျိုးသားပိုင် ဆိုက်ကားများကိုပဲ ဝိုင်းဝန်း အားပေးခဲ့သောကြောင့် အင်အားကြီး ဓာတ်ရထားကုမ္ပဏီကြီး အရှုံးပေး နောက်ဆုတ်ကာ ဓာတ်ရထားများ ဖြုတ်သိမ်းသွားရသည့်အဖြစ်အပျက်မှာလည်း မှတ်သားဖွယ်ရာဖြစ်ပါသည်။ ။