ဓာတုစယဓာတ်ပေါင်းစုစေတီတော်၌ အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကျင်းပ 

နေပြည်တော်        စက်တင်ဘာ         ၂၄

 

နေပြည်တော်ကောင်စီက ကြီးမှူးကျင်းပသည့် ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ ပထမအကြိမ် အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲမင်္ဂလာကို စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းက ဓာတုစယ ဓာတ်ပေါင်းစုစေတီတော်၊ အဘိသန္နဗိမာန်တော်၌ ကျင်းပရာ ဇမ္ဗူသီရိမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ မစိုးရိမ်တိုက်သစ် ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တအဂ္ဂဓမ္မ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

 

ရှေးဦးစွာ ဇမ္ဗူသီရိမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ထံမှ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဇေယျာလင်း၊ ဦးမြင့်စိုးနှင့် ဦးကျော်သိန်းဆိုင်တို့ အမှူးပြုသည့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် ဇမ္ဗူသီရိမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ထံ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ပဋ္ဌာန်းကျမ်းစာအုပ်များအား လည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ပဋ္ဌာန်းပရိတ်ပန်းအိုးအား လည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်က ပရိတ်ရေအိုးများအား လည်းကောင်း အသီးသီးဆက်ကပ်ကြသည်။

 

ယင်းနောက် ဆရာတော်၊ သံဃာတော်များဦးဆောင်၍ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော်ကို သုံးကြိမ်ရွတ်ဖတ်ပူဇော်ကြပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင်များ အမှူးပြုသည့် ဧည့်ပရိသတ်များက ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းသည်။ ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ ပထမအကြိမ် အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို စက်တင်ဘာ ၂၄ ရက်မှ ၂၈ ရက်အထိ ငါးရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)