ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ပဲခူးမြို့စာဖြေဌာန၌ သံဃာတော် ၃၁၂၉ ပါး ဝင်ရောက်ဖြေဆိုလျက်ရှိ

 

ပဲခူး မေ ၁

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာ၊ သာသနာရေးဦးစီး ဌာနက နှစ်စဉ်ကျင်းပသည့် ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲကို ပဲခူးမြို့ သာသနာ့ဗိမာန်နှင့် ရွှေမော်ဓောစေတီတော် မြတ်ကြီး ကျောက်ပံတောင်းဓမ္မာရုံတို့၌ ဧပြီ (၃၀) ရက်မှ မေ (၁၃) ရက်အထိ ကျင်းပ လျက်ရှိသည်။

 

ဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့၌ ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲဖြေဆိုနေကြသည့် သံဃာတော်များ၊ သီလရှင်များနှင့် ကြီးကြပ်ဆရာတော်များအား သွားရောက်ဖူးမြော် ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။

 

အဆိုပါဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ပဲခူးမြို့စာဖြေဌာန၌ ဓမ္မာစရိယတန်း ပါရာဇိကဏ်ကျမ်း (၅၆၈) ပါး၊ သီလက္ခန်ကျမ်း (၄၄၄) ပါး၊ ဓမ္မသင်္ဂဏီကျမ်း (၄၁၅) ပါး၊ မြန်မာစာဂုဏ်ထူး (၈၇) ပါး၊ ပါဠိဂုဏ်ထူး (၁၅) ပါး၊ ပါဠိပထမပြန်စာမေးပွဲ ပထမကြီးတန်း (၁၉၈) ပါး၊ ပထမလတ်တန်း (၂၅၃) ပါး၊ ပထမငယ်တန်း (၄၅၂) ပါး၊ အခြေပြုမူလတန်း (၆၉၇) ပါး စုစုပေါင်း ၃၁၂၉ ပါးစာရင်းပေးသွင်း ဖြေဆိုလျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်