ဓမ္မစကြာတရားဒေသနာနှင့်အတူ ဗောဓိအရိယာမဂ်ဉာဏ်အတွက်အထောက်အပံ့ဖြစ်စေရန် ကြိုးစားအားထုတ်ကြပါစို့

၁၅ ဇူလိုင်

သုတ္တန်၊ ဝိနည်း၊  အဘိဓမ္မာဆိုသည့်  ပိဋကတ်သုံးပါးအနက်ဘုရားပွင့်တော်မူပြီးသည်နှင့်  ဗုဒ္ဓမြတ်စွာဘုရားပထမဆုံး ဟောတော်မူသော  တရားသည် သုတ္တန်ပိဋကတ်မှဖြစ်သော    ဓမ္မစကြာသုတ်တရားတော်ဖြစ်သည်။  ပွင့်တော်မူပြီး၊ ပွင့်တော်မူကြမည့်  ဘုရားရှင်တိုင်းသည်ဤတရားကို ဦးစွာဟောကြားတော်မူကြရာ နောင်ပွင့်ဦးမည့်    အရိမေတ္တယျ          မြတ်စွာဘုရားသည်လည်း   ဘုရားအဖြစ်သို့ ရောက်တော်မူသည့်အခါ ဟောပြောမည့်တရားဦးသည်   ဤဓမ္မစကြာတရားတော်ပင် ဖြစ်ပါလိမ့်မည်။

အစွန်းနှစ်ပါး ရှောင်ကြဉ်ရာတရား

ဓမ္မစကြာဒေသနာတော်သည်  မြတ်စွာဘုရား၏ဟောပြောနာယူမှုကို  ခံယူကြကုန်သော  ပဥဝဂ္ဂီရဟန်းတို့အတွက်  အစွန်းတရားနှစ်ပါးတို့ကို မမှီဝဲရှောင်ကြဉ်ကြရန်အတွက် ရည်ရွယ်ဟောပြောသော  “မဇ္ဈိမပဋိပဒါ” မဂ္ဂင်ရှစ်ပါးကျင့်စဉ်တရားတစ်ခုဖြစ်ပါသည်။ ဟောပြောသည့်နေရာကား  ယခုအခေါ်  အိန္ဒိယနိုင်ငံ  ဥတ္တရာပရာဒေ့ရှ်ပြည်နယ်  ဗာရာဏသီမြို့အနီး  ဆာရနက်ဟုခေါ်တွင်သည့် ရှေးအခါ ကာသိတိုင်း ဗာရာဏသီပြည်မှ ခြောက်မိုင်အကွာတွင်တည်ရှိသော  ဣသိပတနအမည်ရသည့်သားတို့ကို ဘေးမဲ့ပေးရာ မိဂဒါဝုန်တောတွင် ဖြစ်ပါသည်။

သာသနာဖွင့်တရားတော

သုတ္တန်ပိဋကတ်မှဖြစ်သော ဓမ္မစကြာတရားတော်သည် နိကာယ်ငါးရပ်အုပ်စုတွင် သံယုတ္တနိကာယ်မှဖြစ်ပြီး ဤနိကာယ်တွင် သံယုတ်  ၁၂    ပါးပါဝင်သည့်အနက်သင်္ဂါယနာတင်ထားပြီးဖြစ်သော သစ္စသံယုတ်ထဲမှဖြစ်သည်ကို လေ့လာမိပါသည်။ မြတ်စွာဘုရားသည် ကာမ၊ ရာဂ၊  ဒေါသတို့ဖြင့်  ထူပြောနေသောသတ္တဝါများအတွက်မိမိပင်ပင်ပန်းပန်း ခဲခဲယဉ်းယဉ်းကြိုးစားအားထုတ်ပြီးမှရရှိခဲ့သော    ဤတရားတော်မြတ်ကို    ဟောကြားရန်မူလကမရည်ရွယ်ခဲ့သော်လည်း          သဟမ္ပတိဗြဟ္မာ မင်းကြီးက ကိလေသာနည်းပါးပြီး ပညာကြီးမားသော သတ္တဝါတို့အတွက်ရည်ရွယ်ကာ လူ့ပြည်သို့ ကိုယ်တိုင်ဆင်း၍  ဟောပြောပေးရန်  ဝပ်ဆင်းခယလျှောက်ထား တောင်းပန်သောကြောင့်     ဘုရားရှင်အနေဖြင့်လျှောက်ထားခြင်းကို အသိအမှတ်ပြုပြီး သတ္တဝါအားလုံးတို့အား သနားတော်မူသောအားဖြင့် ဟောကြားသောဦးဦးဖျားဖျားသာသနာဖွင့်  တရားတော်မြတ်ကြီးလည်း ဖြစ်ပါသည်။

ဒိဋ္ဌိနှင့်ဝိစိကိစ္ဆာတို့မှ ကင်းကွာရာတရား

ဤတရားတော်သည်  မဂ်စခန်းကိုဖွင့်နိုင်သည့်အရိယာလမ်းကြောင်းကို ဦးတည်သည့် တရားတော်ဖြစ်သောကြောင့်  ပဥဝဂ္ဂီငါးဦးအပါအဝင် နတ်ဗြဟ္မာ ၁၈ ကုဋေ တို့သည် မဟုတ်မမှန်အယူမှားသောဒိဋ္ဌိနှင့် ရတနာသုံးပါးနှင့်  ကံ၊    ကံ၏အကျိုးကို  ယုံမှားသံသယဖြစ်သော ဝိစိကိစ္ဆာတို့မှ ကင်းကွာခဲ့ကြပြီး  သောတာပန်အဖြစ်သို့ရောက်ရှိခဲ့ကြသည်။ ပဥဝဂ္ဂီငါးဦးအနက် အရှင်ကောဏ္ဍည သည် ဦးဆုံးသောတာပန်အရိယာ ဖြစ်သည်။ တရားပွဲအပြီး နတ်ဗြဟ္မာတို့၏ အရောင်ထက် ထွန်းလင်းတောက်ပြောင်သည့် အရောင်အလင်းများပေါ်ထွန်းခဲ့သဖြင့် နတ်ဗြဟ္မာတို့ကလည်း ကောင်းချီးပေးသောကြောင့် လောကအတွက်နိမိတ်ထူးသည့်  မြတ်ဓမ္မအဖြစ်လည်း ခေါ်ဆိုနိုင်ပါသည်။ မြတ်စွာဘုရားသည် လောကကို သဗ္ဗညုတဉာဏ်တော်ဖြင့်ကြည့်တော်မူပြီးမှ မိမိအပေါ်ကျေးဇူးများရှိကုန်ကြသည့်ပဥဝဂ္ဂီငါးဦးတို့အား ဤတရားထူးကိုဟောကြားရန် အကြံဖြစ်တော်မူခဲ့ခြင်းဖြစ်သည်။

အင်္ဂါရှစ်ပါးသောအရိယမဂ်ကျင့်စဉ်

မြတ်စွာဘုရားသည်    ရဟန်းတို့အား    ကာမဂုဏ်ချမ်းသာတို့၌    အဖန်တလဲလဲလိုက်စားအားထုတ်တတ် သောအစွန်းတရား၊    မိမိကိုယ်ကိုပင်ပန်းညှဉ်းဆဲစေပြီး အဖန်ဖန်အားထုတ်တတ်သော  အစွန်းတရား ဤအစွန်း တရားနှစ်ပါးသည်   အရိယာတို့၏      အကျင့်မဟုတ်၊ ရှောင်ကြဉ်ရန်နှင့်  နိဗ္ဗာန်ကို ထိုးထွင်းသိမြင်ရာ   အ ရိယာ မဂ်ဉာဏ်ရရှိရန်အတွက်      မဇ္ဈိမပဋိပဒါကျင့်စဉ်ဖြင့်သာ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ဟောကြားခဲ့ပါသည်။ အလယ်အလတ်ကျင့်စဉ်ဖြစ်သော  အရိယမဂ်ကျင့်စဉ်တွင်  အင်္ဂါ ရှစ်ပါး ရှိပါသည်။  ၄င်းတို့မှာ ဒုက္ခသစ္စာ၊  သမုဒယသစ္စာ၊ နိရောဓသစ္စာ၊  မဂ္ဂသစ္စာတည်းဟူသော  သစ္စာလေးရပ်တရားမြတ်ကို မှန်ကန်စွာထိုးထွင်းသိမြင်ခြင်း သမ္မာဒိဋ္ဌိ၊ မှန်စွာကြံခြင်းသမ္မာသင်္ကပ္ပ၊ မှန်စွာပြောဆိုခြင်း သမ္မာဝါစာ၊ မှန်စွာပြုလုပ်ခြင်း သမ္မာကမ္မန္တ၊  မှန်စွာအသက်မွေးခြင်း သမ္မာအာဇီဝ၊  မှန်စွာကြိုးစားအားထုတ်ခြင်း သမ္မာဝါယမ၊ မှန်စွာအောက်မေ့ခြင်း သမ္မာသတိ၊ မှန်စွာတည်ကြည်ခြင်း ဥပစာရသမာဓိ၊       အပ္ပနာသမာဓိတည်းဟူသော သမ္မာသမာဓိတို့ ဖြစ်ပါသည်။ ဤရှစ်ပါးသောကျင့်စဉ်များ ဖြင့်သာ မဂ်ဉာဏ်များရရှိစေပြီး တစ်ကြိမ်ရရှိပြီးတိုင်းလည်း မဂ်ကိစ္စလေးရပ်ဖြစ်ပေါ်ရာ  ဒုက္ခသစ္စာကို ပိုင်းခြားသိသော ပရိညာကိစ္စ၊    သမုဒယသစ္စာကိုပယ်သော  ပဟာနကိစ္စ၊ နိရောဓသစ္စာသို့ ဆိုက်ရောက်သော  သစ္ဆိကရဏကိစ္စ၊ မဂ္ဂသစ္စာကိုပွားများရသော ဘာဝနာကိစ္စများ ဖြစ်ပေါ်လာ ရပါသည်။

အို၊ နာ၊ သေဘေးမှ လွတ်ရာသစ္စာတရား

မြတ်စွာဘုရားသည်     ပဋိသန္ဓေတည်နေရခြင်း၊ အိုရခြင်း၊ နာရခြင်း၊ သေရခြင်း၊ မချစ်သောသူနှင့် အတူနေရခြင်း၊  ချစ်သောသူနှင့်  ကွေကွင်းရခြင်း၊  လိုတာမရ၊ ရတာမလိုဖြစ်ရခြင်း၊ တစ်နည်းအားဖြင့် တဏှာဒိဋ္ဌိတို့ဖြင့်စွဲလမ်းရာအာရုံဖြစ်သော ခန္ဓာငါးပါးကို ဒုက္ခဟုသိရမည့်သစ္စာတရားဖြစ်ကြောင်း      ရှင်းလင်းဟောကြားခဲ့သည်။ ထို့နောက် ဒုက္ခ၏ အကြောင်းတရားဖြစ်သော နှစ်သက်ခြင်း၊ တပ်မက်ခြင်း သမုဒယတဏှာနှင့် ဤသမုဒယတဏှာသည်တည်မြဲသည်ဟူသော တသဒိဋ္ဌိနှင့်  သေလျှင်ပြတ်စဲသည်ဟူသော  ဥစ္ဆေဒေဒိဋ္ဌိတို့ကို  ပယ်ခွာရန်ဟောကြားခဲ့သည်။ ထိုဒုက္ခတို့မှ၊  ထိုတဏှာတို့မှ  အကြောင်းမဲ့ချုပ်ငြိမ်းခြင်း နိရောဓသည်   နိဗ္ဗာန်ပင်ဖြစ်ကြောင်းနှင့်   ထိုနိဗ္ဗာန်သို့ဆိုက်ရောက်ရာရောက်ကြောင်း  အကျင့်သည်ကား မဂ္ဂင်ရှစ်ပါးတရားပင်ဖြစ်ကြောင်း ဟောကြားတော်မူခဲ့ပါသည်။

သဗ္ဗညုတဉာဏ်တော်ရပြီးဘုရားအဖြစ်ဝန်ခံတော်မှု

ဘုရားရှင်သည်  ဤသစ္စာတရားလေးပါးရှိသည်ကိုပိုင်းပိုင်းခြားခြားသိသည်။    သိခဲ့ပြီးပြီလည်းဖြစ်သည့်ပညာဉာဏ်၊    ဝိဇ္ဇာဉာဏ်သုံးပါးဖြစ်သည့်  သစ္စာဉာဏ်၊ ကိစ္စဉာဏ်၊  ကတဉာဏ်  ဉာဏ်သုံးပါးကိုလည်းထင်ရှား ဟောပြခဲ့ပါသည်။ ထိုသို့ ဖြစ်တော်မူခဲ့ပြီးမှ မိမိသည် အတုမရှိမွန်မြတ်သော  အလုံးစုံသောတရားတို့ကို မှန်ကန်စွာဖြင့်ထွင်းဖောက်သိမြင်နိုင်သည့် သဗ္ဗညုတဉာဏ်တော်မြတ်ကိုရရှိခဲ့ပြီးဖြစ်၍ ကိလေသာတို့မှ လွတ်မြောက်ပြီး ဘဝအသစ်တစ်ဖန်မဖြစ်ပေါ်နိုင်တော့ကြောင်းဟူ၍     ဘုရားအဖြစ်ဝန်ခံမိန့်ကြားတော်မူခဲ့ပါသည်။ ဤမိန့်ကြားချက်ကို ပဥဝဂ္ဂီရဟန်းငါးဦးတို့ကလည်း     နှစ်သက်ဝမ်းမြောက်စွာဖြင့်ခံယူကြကာ ဘုမ္မစိုးနတ်နှင့်  နတ်ဗြဟ္မာတို့ကလည်း အဆင့်ဆင့်ကောင်းချီးပေးတော်မူခဲ့ကြကာ ပြင်းစွာတုန်လှုပ်သော လောကဓာတ်ကြောင့် အတိုင်းအဆမရှိ ကြီးမားကျယ်ပြန့်သော အလင်းရောင်နိမိတ်များ ထွန်းပထင်ရှားဖြစ်တော်မူခဲ့ပါသည်။

အနုသယကိလေသာများပါ ပယ်ရှားနိုင်သောဗောဓိဉာဏ်

ဗုဒ္ဓဘာသာဝင်သူတော်စင်အားလုံးတို့သည် ဓမ္မစကြာသုတ်ကို ရွတ်ဖတ်ပူဇော်ကြမြဲဖြစ်ပါသည်။  ဒေသနာ၏  အနက်တွင်   သတ္တဝါအားလုံးပဋိသန္ဓေနေရခြင်းနှင့် အို၊ နာ၊  သေဘေးမှ လွတ်ကင်းရာမဂ်ဉာဏ်ရအောင်  အထူး တိုက်တွန်းထားသည်ကို  တွေ့ရပါသည်။    သစ္စာလေးပါး တရားကိုသိသွားပြီဖြစ်သော  မြတ်စွာဘုရားသည်   မိမ အို၊ နာ၊ သေဘေးက    လွတ်သလို သတ္တဝါအားလုံးလည်း  အို၊ နာ၊ သေသံသရာဝဲဂယက်မှ လွတ်စေရမည်ဆိုသည့်ပြင်းပြသည့်  ဆန္ဒတော်အတိုင်း  မိမိသစ္စာလေးပါးကိုသိသကဲ့သို့       သတ္တဝါဝေနေယျအားလုံးကိုလည်း သိစေရန်၊    သံသရာမှ လွတ်စေရန် ဘုရား ဆုပန်ပြီး လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကျင့်ကြံတော်မူခဲ့ခြင်း ဖြစ်ပါသည်။      ဒုက္ခဖြစ်ကြောင်းတရားဖြစ်သည့်တဏှာဆိုသည့် သမုဒယကို ဖယ်နိုင်ရန် သီလ၊ သမာဓိ၊ ပညာ သုံးပါးအကျုံးဝင် ပါဝင်သည့် မဂ္ဂင်သစ္စာကျင့်စဉ်ရှစ်ပါးကို ကြိုးစားအားထုတ်ရပါမည်။ တဏှာကိုပယ်နိုင်မှမသိမှုအဝိဇ္ဇာကိုပါ  ပယ်နိုင်မှာဖြစ်သည်။  တဏှာကော အဝိဇ္ဇာကိုပါ ပယ်နိုင်လျှင် ပဋိသန္ဓေနေရခြင်းအကြောင်း တရားများကိုလည်း  ပယ်နိုင်မည်  ဖြစ်ပါသည်။

ပဋိသန္ဓေနေရခြင်းအကြောင်းတရားသည် အဝိဇ္ဇာ ခြံရံပြီး  တဏှာကို  အရင်းခံကာ  ပြုလိုက်သည့်ကံများ ကြောင့်ပင်  ဖြစ်သည်။ အဝိဇ္ဇာကော  တဏှာကိုပါ ပယ်လိုက်နိုင်လျှင် ကုသိုလ်ကံလည်းမရှိ၊ အကုသိုလ်ကံလည်း မရှိတော့၊  ပြုမိတော့မည်လည်း  မဟုတ်သည်အထိကြိုးစားကျင့်ကြံရန်  ဘုရားရှင်က မိန့်တော်မူခဲ့ပါသည်။ အဘယ်ကြောင့်နည်း။ လူချမ်းသာ၊ နတ်ချမ်းသာဖြစ်ပါစေဆိုသည့် အနုသယအဝိဇ္ဇာနှင့်  အနုသယတဏှာများ အရင်းခံခြံရံမှုများ  ရှိနေနိုင်သေးသောကြောင့်  ဖြစ်ပါသည်။    အနုသယဆိုသည်ကတော့    အားကြီးသော ကိလေသာတစ်ခုဖြစ်ပြီး ဆိုင်ရာအကြောင်းတရားများနှင့် တိုက်ဆိုင်ကြုံဆုံမှုရှိမှ ထြွကလာတတ်သော တရားများ ဖြစ်ပါသည်။  ဓမ္မစကြာတရားတော်လာ  သစ္စာလေးပါးသည် မဂ်ဉာဏ်ကိုပေါက်ရောက်သောတရား ဖြစ်ပါသည်။ မဂ်ဉာဏ်ဟူသည်  လောကကလွတ်ကြောင်းဖြစ်သောလောကုတ္တရာ ကုသိုလ်ဖြစ်သည်။ နိဗ္ဗာန်သို့သွားရာလမ်း ကြောင်းတစ်ခု၏  အစိတ်အပိုင်းဖြစ်သော  မဂ္ဂင်လမ်း ကြောင်းကပင်  သုဂတိဘုံသို့လည်းကောင်း၊    ဒုက္ခတိဘုံသို့လည်းကောင်းရောက်ရှိနိုင်သလို နိဗ္ဗာန်သို့လည်းရောက်ရှိနိုင်သည့်အတွက်     ဗောဓိဉာဏ်ဟုလည်း ခေါ်ပါသည်။

ထို့ကြောင့်  ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့သည် မဂ်ဉာဏ်၊ ဖိုဉာဏ်၏ အသင်းအပင်း အဖွဲ့အစည်း အခြေခံအထောက်အပံ့များဖြစ်သော ကာမကုသိုလ်များ ဖြစ်သည့် ဒါန၊ သီလ၊ သမထ ဝိပဿနာ၊ ဘာဝနာများကိုပြုလုပ်အားထုတ်စေလိုပါသည်။  မိမိကိုယ်ကိုနှိမ့်ချပြီး ကြီးသူကိုရိုသေမှု၊   ဝေယျာဝစ္စပြုလုပ်မှု၊    တရားကိုရိုသေစွာနာကြားပြီး မိမိတရားကို ပြန်လည်မျှဝေပေးမှု၊ ကံကိုသာယုံကြည်သည့် အယူဖြောင့်မှုဟူသည့် ကုသိုလ်တရားများ ပွားများစေချင်ပါသည်။ သီလဖြင့် ကာယကံ၊ ဝစီကံများစောင့်ထိန်းပြီး   သမထဘာဝနာဖြင့် မိမိစိတ်အစဉ်  သန့်ရှင်းစင်ကြယ်စေကာ              အကုသိုလ်ကိလေသာများကိုပယ်ပြီး စိတ္တဝိသုဒ္ဒိဖြစ်စေရန်  ကျင့်ကြံအားထုတ်စေအပ်ပါသည်။    
 
တရားရိပ်သာများသို့ဝင်ရောက်သည့်  ယောဂီသူတော်စင်အပေါင်းလည်း သတိပဋ္ဌာန်တရားကျင့်စဉ်များဖြင့်       မိမိတွင်ကိုယ်အမူအရာပြုတိုင်း၊      စိတ်အမူအရာဖြစ်တိုင်း၊  အကောင်း၊ အဆိုး အလယ်အလတ်ဝေဒနာဖြစ်ပေါ်တိုင်း၊ ဖြစ်ပေါ်လာသည့် သဘောတရားများ ထင်ရှားရှိတိုင်း သတိဝီရိယဦးစီးပြီး မှန်ကန်စွာရှုမှတ်အားထုတ်ကြခြင်း ဖြင့်   မဂ်ဉာဏ်၏   ဘက်တော်သားများ ဖြစ်ကြပါစေ၊   သစ္စာလေးပါးကို  ထိုးထွင်းသိမြင်စေသော  ဗောဓိဆုများ ရရှိရန်အတွက်  အထောက်အပံ့ကောင်းများ ဖြစ်စေရန်ရည်သန်ဆုပန်ပူဇော်လျက်။     

မိုးကေနိုင်