ဒီအလေ့အထတွေက ကျန်းမာရေးကို တကယ်ပဲအကျိုးပြုရဲ့လား

အချို့အလေ့အထတွေက ကျန်းမာရေးနဲ့ ညီညွတ်တယ်ထင်လို့ လုပ်မိနေပေမယ့် ကျန်းမာရေးအတွက် အထောက်အကူမပြုတဲ့အပြင် ဆိုးကျိုးသက်ရောက်မှုတွေတောင် ရှိစေပါသေးတယ်။ ဘယ်လိုအလေ့အထတွေလဲ၊ ကိုယ်တိုင်မှာရော ရှိနေလား ဆန်းစစ်ကြည့်လိုက်ပါဦး။ လေ့လာမှုတွေအရတော့ ဒီအလေ့အထတွေက ကျန်းမာရေးအတွက် အထောက်အကူမပြုနိုင်ပါဘူးတဲ့။

ကျန်းမာရေးကို အကျိုးမပြုတဲ့အလေ့အထတွေ

မနက်စာကို အများကြီးစားခြင်း

ကျန်းမာချင်တယ်ဆိုရင် မနက်စာနဲ့ ညစာကို လျှော့စားပြီး နေ့လယ်စာကို များများ စားပေးပါ။ လူ့ခန္ဓာကိုယ်က အစာတွေကို အကောင်းဆုံးချေဖျက်ပေးနိုင်တဲ့အချိန်က နေ့လည် ၁၂ နာရီ နဲ့ ၁ နာရီအတွင်းပါ။ မနက်စာနဲ့ညစာကို အများကြီးစားတာက ခန္ဓာကိုယ်ကို ဝန်ပိစေပြီး အစာခြေစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် မနက်စာနဲ့ ညစာကိုလျှော့စားပါ။ နေ့လယ်ကို များများစားပေးပါ။

တစ်နေ့ကို ရေ ၈ ခွက်သောက်ခြင်း

ရေကို ဆာမှသောက်တာက အကောင်းဆုံးပါ။ ရေမဆာဘဲ တစ်နေ့ ၈ ခွက် သောက်ရမယ် ဆိုတဲ့ ပုံသေနည်းကြီးအတိုင်း မဖြစ်မနေမသောက်စေချင်တာပါ။ ရေကို အလွန်အကျွံ သောက်တာက အဝလွန်တာ၊ အရေပြားပြဿနာနဲ့ အခြားသော ကျန်းမာရေးပြဿနာ အမျိုးမျိုး ကို ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ တကယ်ကို ရေငတ်တာ ဆိုရင်တော့ သောက်ပါ။ ရေမဆာဘဲ တစ်နေ့ ၈ ခွက်ပြည့်အောင် သောက်မယ်ဆိုတဲ့ ဆန္ဒ နဲ့တော့ မသောက်ပါနဲ့။

အဆီတွေမစားပါနဲ့

ခန္ဓာကိုယ်အတွက် အဆီဓာတ်က လိုအပ်ပေမယ့် အလွန်အကျွံဆိုရင်တော့ ဘာမှမကောင်းပါဘူး။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေဖြစ်နေရင်တောင် အများကြီးမစားပါနဲ့။ မုန်ညှင်းဆီ၊ အုန်းဆီ၊ အခွံမာသီးတွေကနေရတဲ့ အဆီတွေ၊ ထောပတ်သီးဆီတွေက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် အလွန်အကျွံ မစားပါနဲ့။

ပိတ်ရက်မှာ အိပ်ရေးဝဝအိပ်မယ်

နေ့စဉ်ပုံမှန်လုံလောက်တဲ့ အိပ်စက်ချိန်လေးထားပါ။ တစ်ပတ်လုံး အိပ်ရေးပျက်ခံထားပြီး ပိတ်ရက်ကျမှ အတိုးချအိပ်မယ်ဆိုပြီး မလုပ်ပါနဲ့။ ညတိုင်း နောက်အကျဆုံးဆိုရင်တောင် ၁၀ နာရီခွဲမှာ အိပ်ရာဝင်ပါ။ မနက်တိုင်း ၆ နာရီထက် နောက်မကျဘဲ ထပေးပါ။ ဒါကကျန်းမာရေးနဲ့ ညီညွတ်တဲ့ အိပ်စက်မှုပုံစံတစ်ရပ်ဖြစ်တာကြောင့် အလေ့အထ ဖြစ်အောင် မွေးမြူပေးပါ။

နေ့တိုင်းလေ့ကျင့်ခန်းလုပ်တာ

နေ့တိုင်းလိုလို လေ့ကျင့်ခန်းလုပ်ဖြစ်တာကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြောနေ တတ်ကြပါတယ်။ ဒါက အခုနောက်ပိုင်း မှာ ကျန်းမာရေးအလေ့အထ တစ်ခုလို့ ပြောလာကြပါတယ်။ နေ့တိုင်းလေ့ကျင့်ခန်းလုပ်တာက တကယ်ရော ကျန်းမာရေး ညီညွတ်ရဲ့လား။ နေ့တိုင်းလေ့ကျင့်ခန်းလုပ်တဲ့အခါ ကြွက်သားတွေ၊ အရိုးအဆစ်တွေကို ထိခိုက်စေနိုင်သလို ကိုယ်လက်ကိုက်ခဲတာ အခန့်မသင့်ရင် ဖျားတာမျိုးအထိ ဖြစ်နိုင်ပါတယ်။

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”