ဒီဇင်ဘာ ခရစ္စမတ်ရုံးပိတ်ရက်အတွင်း ပုဂံ - ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ပြည်တွင်း ပြည်ပ ခရီးသွားများဖြင့် စည်ကား

ညောင်ဦး ၂၅ ဒီဇင်ဘာ

 

ဒီဇင်ဘာ ခရစ္စမတ်ရုံးပိတ်ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ အထင်ကရသမိုင်းဝင် ဘုရား၊ ပုထိုး၊ သာသနိက အဆောက်အအုံများတွင် ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည်များ အလွန်များပြားစွာ လာရောက်လျက်ရှိကြောင်း ထီးလိုမင်းလိုဘုရား ဂေါပကဥက္ကဋ္ဌ ဦးအောင်ကြိုင်ထံက သိရသည်။

 

ဒီဇင်ဘာ ခရစ္စမတ်ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်အတွင်း သမိုင်းဝင်စေတီပုထိုးများဖြစ်သည့် ပုဂံ-ညောင်ဦးဘက်ခြမ်းရှိ စွယ်တော်သုံးဆူနှင့် ဧရာဝတီမြစ်တစ်ဘက်ကမ်းရှိ ပခုက္ကူမြို့နယ် တန့်ကြည်တောင် စွယ်တော်မြတ်စေတီများအပြင် မဟာငှက်ပစ်တောင်စေတီ၊ ထီးလိုမင်းလိုဘုရား၊ အာနန္ဒာဘုရား၊ မဟာဗောဓိဘုရား၊ ဗူးဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ ခေမင်္ဂဘုရားဝင်း၊ သကြားပုန်းဘုရား၊ ရွှေလိပ်တူးဘုရား၊  သဗ္ဗညုဘုရား၊ ငကျွဲနားဋောင်းဘုရား၊ ပုထိုးသားများဘုရား၊ ဆင်များရှင်ဘုရား၊ မနုဟာဘုရား၊ ဓမ္မရာဇကဘုရား၊ ရှင်အဇ္ဇဂေါဏဘုရား၊ ဓမ္မရံကြီးနှင့် စူဠာမဏိဘုရားများတွင် ကားရပ်နားသည့်နေရာ အခက်အခဲဖြစ်သည်အထိ လာရောက်လည်ပတ်သည့် ပြည်တွင်းပြည်ပ ခရီးသွား ဘုရားဖူးဧည့်သည် များပြားလျက်ရှိကြောင်း သိရသည်။

 

သီတင်းကျွတ်ရုံးပိတ်ရက်၊ တန်ဆောင်တိုင်ရုံးပိတ်ရက်၊ ဒီဇင်ဘာ ခရစ္စမတ်ရုံးပိတ်ရက်/ ကျောင်းပိတ်ရက်များတွင် ပုဂံဒေသ၏ အလွန်ရှေးကျပြီး ပကတိအတိုင်းရှိနေသေးသည့် ဘုရား၊ ပုထိုး၊ သာသနိကအဆောက်အအုံများ ယနေ့တိုင်ရှိနေခြင်း၊ အုတ်ရိုး၊ နန်းမြို့ရိုး၊ အုတ်ပုံများနှင့် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း နေရာစိပ်စိပ်နှင့် တစ်နေရာနှင့်တစ်နေရာ မဝေးကွာဘဲ တစ်ဆက်တစ်စပ်တည်း ဖူးမြော်နိုင်ခြင်းက ပြည်တွင်းပြည်ပ ခရီးသွားများကို အလွန်ပင် စွဲဆောင်လှကြောင်း၊ ပုဂံဒေသသို့ ဘယ်နှစ်ခေါက်ရောက်ရောက် ထပ်ကာလာချင်စိတ် ဖြစ်စေကြောင်း ရန်ကုန်မြို့မှ အဖွဲ့လိုက် ဘုရားဖူးလာရောက်ကြသည့် မစန်းစန်းလွင်က ပုဂံဒေသအကြောင်း ပြောပြသည်။ အလားတူ ဘုရားဖူးများ၊ ပြည်တွင်းပြည်ပခရီးသွားများ အမြဲမပြတ်ရှိနေခြင်းက ပုဂံ-ညောင်ဦး ရှေးဟောင်းနယ်မြေအား တန်ဖိုးထား၍ ထပ်ကာထပ်ကာ လာရောက်ကြခြင်းဖြစ်ကြောင်း နတ်မောက်မြို့မှ ဘုရားဖူးလာရောက်သည့် ဒေါ်စိန်ညွန့်ကပြောပြကာ ခရစ္စမတ်အားလပ်ရက်တွင် စည်ကားနေကြောင်း သိရသည်။                   

                                             

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)