ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဇွန် ၁၅ ရက်မှ ဇွန် ၁၉ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့မှုနှင့်စပ်လျဉ်း၍ မီဒီယာများ၏ မေးမြန်းမှုများအပေါ် နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး၏ ဖြေကြားချက်ကို ဖော်ပြအပ်ပါသည်။
မေး။ ။ သမ္မတကြီးရဲ့ တရုတ်ချစ်ကြည်ရေးခရီးစဉ်က ဘယ်လိုမျိုးရည်ရွယ်ချက်တွေနဲ့ သွားရောက်ခဲ့တယ်ဆိုတာ ရှင်းပြပေးပါဦးရှင့်။
ဖြေ။ ။ ဟုတ်ကဲ့ပါ၊ သမ္မတကြီးရဲ့ တရုတ်နိုင်ငံချစ်ကြည်ရေးခရီးစဉ် (State Visit) က အဓိကရည်ရွယ်ချက်လေးခုနဲ့ သွားခဲ့တာဖြစ်ပါတယ်။ ပထမရည်ရွယ်ချက်ကတော့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တရုတ်-မြန်မာနှစ်နိုင်ငံ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဖို့ဖြစ်ပါတယ်။ ဒုတိယတစ်ခုက မြန်မာနိုင်ငံရဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ပါ။ တတိယတစ်ခုက တရုတ်နိုင်ငံရဲ့ Investment တွေ၊ ရင်းနှီးမြှုပ်နှံမှု တွေ တိုးမြှင့်ရေးနဲ့ စတုတ္ထတစ်ခုကတော့ ကုန်သွယ်မှုမြှင့်တင်ရေးအတွက် ဖြစ်ပါတယ်ရှင့်။
မေး။ ။ ဒီခရီးစဉ်ကနေပြီးတော့ နိုင်ငံရေးအရ ဘယ်လိုမျိုးအကျိုးအမြတ်တွေကိုရရှိမယ်လို့ သုံးသပ်ပါသလဲရှင့်။
ဖြေ။ ။ ဒီခရီးစဉ်က တရုတ်-မြန်မာ ချစ်ကြည်ရေးခရီးစဉ်၊ သမ္မတကြီးရဲ့ချစ်ကြည်ရေးခရီး စဉ်ကနေပြီးတော့ ကျွန်မတို့နိုင်ငံအတွက် အကျိုးအမြတ်တွေ အများကြီးဆောင်ကြဉ်းပေးလာနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ဒီခရီးစဉ်မှာ တရုတ်သမ္မတကြီး မစ္စတာ ရှီကျင့်ဖျင်၊ ဝန်ကြီးချုပ်၊ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ၊ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ ကျွန်မတို့တွေ့ဆုံခဲ့ပါတယ်ရှင့်။
သမ္မတကြီး ရှီကျင့်ဖျင်နဲ့တွေ့ဆုံတဲ့အချိန်မှာ သမ္မတကြီးက ဘာကိုအလေးပေးပြီးတော့ ပြောကြားလဲဆိုတော့ ကျွန်မတို့ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ဒါကိုတိုးမြှင့်ချင်တယ်။ နောက်တစ်ခုက တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းကို ထူထောင်ဖို့၊ ဒီနှစ်ခုကိုအလေးထားပြီးတော့ ဆွေးနွေးခဲ့ပါတယ်။ နောက်တစ်ခုကတော့ ကျွန်မတို့ ဒီမဟာဗျူဟာမြောက် ဘက်စုံပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း အလေးထားပြီးပြောခဲ့ပါတယ်ရှင့်။ ဒါ့အပြင် မကြာသေးခင်က မြန်မာနိုင်ငံမှာဆောင်ရွက်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲကိုလည်း ကြိုဆိုတယ်၊ လက်ရှိ ကျွန်မတို့ရွေးကောက်ခံအစိုးရကိုလည်း အပြည့်အဝ ထောက်ခံအားပေးတယ်ဆိုတာကို ခိုင်ခိုင်မာမာပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ကျွန်မတို့ အခုလက်ရှိရွေးကောက်ခံအစိုးရကနေပြီးတော့ ဆောင်ရွက်နေတဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ ငြိမ်းချမ်းရေးကိစ္စတွေကိုလည်းထောက်ခံပါတယ်၊ ရှေ့ဆက်ပြီးလည်း ဆက်လက်ထောက်ခံသွားပါမယ်ဆိုပြီးတော့ အခိုင်အမာပြောဆိုခဲ့ပါတယ်။
နောက်တစ်ခုကတော့ နိုင်ငံတကာမျက်နှာစာမှာ၊ ကုလသမဂ္ဂမှာ၊ အာဆီယံအသိုက်အဝန်းမှာ မြန်မာနိုင်ငံအနေနဲ့ တန်းတူညီမျှ အပြည့်အဝပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးကိုလည်း ထောက်ခံသွားမယ်ဆိုပြီးတော့ ပြောကြားခဲ့ပါတယ်။ ဒါကြောင့်မို့ ဒီခရီးစဉ်က မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာမျက်နှာစာမှာ စာမျက်နှာသစ် ဖွင့်လှစ်နိုင်တော့မှာဖြစ်တာမို့လို့ ကျွန်မတို့နိုင်ငံအတွက် နိုင်ငံရေးအရ၊ သံတမန်ရေးအရများစွာအကျိုးရှိတဲ့၊ အောင်မြင်တဲ့ခရီးစဉ်တစ်ခု၊ ရည်ရွယ်ချက်တွေကို ပေါက်မြောက်အောင်မြင်တဲ့ ခရီးစဉ်တစ်ခုလို့ ဆိုနိုင်ပါတယ်ရှင့်။
မေး။ ။ တရုတ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်ကနေပြီးတော့ စီးပွားရေးအတွက် ဘယ်လိုမျိုး အကျိုးကျေးဇူးတွေ ရရှိလာပါသလဲ။
ဖြေ။ ။ ကျွန်မတို့ ဒီသမ္မတကြီးရဲ့ တရုတ်နိုင်ငံချစ်ကြည်ရေးခရီးစဉ်မှာ စီးပွားရေးအတွက်လည်း အကျိုးအမြတ်များစွာ ရရှိခဲ့ပါတယ်ရှင့်။ ဒီခရီးစဉ်အတွင်းမှာပဲ ရှန်ဟိုင်းမှာ Myanmar-China Trade and Investment Networking Summit ကို ကျင်းပခဲ့ပါတယ်။ ဒီ Summit မှာ တရုတ်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင် ၅၀၀ ကျော်တက်ရောက်ခဲ့ပြီးတော့ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင် ၂၀၀ ကျော် ပါဝင်တက်ရောက်ခဲ့ပါတယ်။ အဲဒီ တရုတ်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေထဲမှာလည်း State-owned enterprise က လုပ်ငန်းရှင်တွေပါသလို Belt and Road Initiative မှာပါဝင်တဲ့ ကုမ္ပဏီအကြီးကြီးတွေလည်း ပါဝင်ခဲ့ပါတယ်။ ဒီ Summit ကနေပြီးတော့မှ ကျွန်မတို့ Business to Business MoU အခု ၇၀ ထိုးနိုင်ခဲ့ပါတယ်။ ဒါ ဝမ်းမြောက်ဖွယ်သတင်းပါ။ ဒါက ကျွန်မတို့နိုင်ငံက ပြည်သူပြည်သားတွေအတွက်၊ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အခွင့်အလမ်းကောင်းတွေ သယ်ဆောင်လာနိုင်တယ်လို့ ဆိုနိုင်ပါတယ်ရှင့်။
မေး။ ။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့က အခုလိုမျိုးဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို အဆင့်တစ်ခုအထိ ဆွေးနွေးခဲ့တဲ့ကိစ္စတွေက မြန်မာနိုင်ငံက ပြည်သူတွေအတွက် ဘယ်လိုမျိုးရလဒ်တွေကို အကျိုးကျေးဇူးတွေ ရရှိနိုင်ပါသလဲ။
ဖြေ။ ။ အခု ဆွေးနွေးပွဲတွေမှာက မြန်မာနိုင်ငံမှာရှိတဲ့ အလွှာအသီးသီး၊ လူထုလူတန်းစား အသီးသီးအတွက်ကို အကျိုးဖြစ်ထွန်းစေမယ့် ကိစ္စများစွာကိုဆွေးနွေးခဲ့ပါတယ်။ ပြောရမယ်ဆိုရင် ကျွန်မတို့လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ မြန်မာနိုင်ငံရဲ့အခြေခံအကျဆုံးလုပ်ငန်းဖြစ်တဲ့ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကနေစပြီး ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ နည်းပညာတိုးတက်ရေး၊ AI ၊ IT ကဏ္ဍ၊ အာကာသ ကဏ္ဍတွေမှာပါ ဖွံ့ဖြိုးတိုးတက်ဖို့၊ ပူးပေါင်းလုပ်ဆောင်ဖို့ ဒါတွေကို ဆွေးနွေးခဲ့ပါတယ်။ လျှပ်စစ်နဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကိစ္စတွေ၊ ရထားလမ်းဖောက်လုပ်ရေးကိစ္စတွေ၊ ဓာတ်သတ္တုတူးဖော်ရေးကိစ္စတွေ ဒါတွေအားလုံးကိုလည်း အသေးစိတ်ဆွေးနွေးပြီးတော့မှ သဘောတူညီမှုတွေ ရရှိခဲ့ပါတယ်။
ထပ်ပြီး သတင်းစကားတစ်ခုပါးချင်တာကတော့ ကျွန်မတို့ဒီခရီးစဉ်ကနေပြီးတော့မှ အာကာသ နည်းပညာဆိုင်ရာကိစ္စရပ်တွေ၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စတွေ၊ မိုးလေဝသစောင့်ကြည့်ရေးကိစ္စတွေအတွက်ကို မြန်မာနိုင်ငံက ပညာရှင်တွေနဲ့ တရုတ်ကပညာရှင်တွေပူးပေါင်းပြီးတော့ မကြာခင်မှာဂြိုဟ်တုတစ်လုံး လွှတ်တင်ဖို့အတွက်ကိုလည်း ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒါဟာဆိုရင် သမ္မတကြီးရဲ့ခရီးစဉ်ကနေပြီးတော့မှ အာကာသကို မြန်မာနိုင်ငံကခြေလှမ်းသစ်စတင်တဲ့ ခရီးစဉ်တစ်ခုလို့လည်း ပြောနိုင်ပါတယ်ရှင့်။
မေး။ ။ ဟုတ်ကဲ့ပါရှင့်။ သမ္မတကြီးရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ယောက်အနေနဲ့ ဒီတရုတ်-မြန်မာ ချစ်ကြည်ရေးခရီးစဉ်နဲ့ပတ်သက်ပြီးတော့ ဘယ်လိုမျိုးမြင်ပါသလဲ၊ ဘာများပြောကြားချင်တာ ရှိပါသလဲရှင့်။
ဖြေ။ ။ စောစောက ကျွန်မပြောခဲ့သလိုပါပဲ၊ နိုင်ငံတော်သမ္မတကြီးရဲ့ ချစ်ကြည်ရေးခရီးစဉ်က အောင်မြင်တဲ့ခရီးစဉ်၊ စောစောကပြောခဲ့တဲ့ရည်ရွယ်ချက်တွေကို ပေါက်မြောက်အောင်မြင်တဲ့ ခရီးစဉ်လို့ပြောနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ နိုင်ငံရေးအရ၊ သံတမန်ရေးအရ အောင်မြင်ခဲ့သလို စီးပွားရေးအရလည်း မြန်မာပြည်သူပြည်သားတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့်ကိစ္စရပ်တွေ အများကြီးကိုသယ်ဆောင်လာနိုင်တယ်ဆိုတာကို ပြောချင်ပါတယ်။
ဒါ့အပြင် B to B လက်မှတ်ရေးထိုးနိုင်ခဲ့သလို G to G လည်း MoU ၁၈ ခု၊ အဲဒီ ၁၈ ခုမှာလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စတွေ၊ ပြန်ကြားရေးကိစ္စ၊ ကျန်းမာရေးကိစ္စ၊ လူမှုရေးကိစ္စ ဒါတွေအားလုံးပါဝင်တဲ့ MoU ၁၈ ခုထိုးနိုင်ခဲ့ပါတယ်။ ဒါဟာဆိုရင် ကျွန်မတို့နိုင်ငံရဲ့ ပြည်သူပြည်သားတွေအတွက် ကောင်းကျိုးတွေကိုသယ်ဆောင်လာနိုင်တဲ့ ခရီးစဉ်တစ်ခုလို့ ဆိုနိုင်ပါတယ်ရှင့်။
သတင်းအဖွဲ့


