ဒီးမော့ဆိုမြို့နယ် မီးဖိုဆောင် မီးကြွင်းမီးကျန်မှတစ်ဆင့် လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

ဒီးမော့ဆို ၂၁ မတ်    

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ဆောင်ဒူလာကျေးရွာအုပ်စု ကွိုင်ငံ ရွာဟောင်းကျေးရွာတွင် မီးဖိုဆောင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းရာမှ မီးဖိုဆောင် အပါအဝင် လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ် ၂၀ ရက် ညနေ ၄ နာရီခန့်က ဒီးမော့ဆိုမြို့နယ် ဆောင်ဒူလာကျေးရွာအုပ်စု ကွိုင်ငံရွာဟောင်းကျေးရွာ ဒေါ်ဂျိုးစဖင်း နေအိမ်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ဒီးမော့ဆိုမီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် တစ်စီး၊ ငွေတောင်မီးသတ်နယ်မြေမှ မီးငြှိမ်းသတ် ယာဉ် တစ်စီး၊ ရေသယ်ယာဉ် တစ်စီး၊ ဖရူဆိုမြို့နယ် မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် တစ်စီး စုစုပေါင်း မီးသတ်ယာဉ် လေးစီးဖြင့် ထွက်ခွာငြှိမ်းသတ်ရာ ညနေ ၄ နာရီ ၃၅ မိနစ်တွင် မီးထိန်းခဲ့ပြီး ညနေ ၅ နာရီတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အိမ်ရှင် ဒေါ်ဂျိုးစဖင်း အား ဒီးမော့ဆိုမြို့မရဲစခန်းမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
    
ရီရယ်(ဒီးမော့ဆို)