ဒီးမော့ဆိုမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် တည်ဆောက်ရေးလုပ်ငန်းပေါင်း ၁၆၀ ဆောင်ရွက်လျက်ရှိ

ဒီးမော့ဆို    ၂၃    မေ    

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ပြည်နယ်အစိုးရအဖွဲ့မှ ဆောင်ရွက်လျက်ရှိသော မြို့နယ်ခန်းမတည်ဆောက်ခြင်း လုပ်ငန်းအပါအဝင် ဌာနဆိုင်ရာ ၁၇ ခုမှ ဒေသဖွံ့ဖြိုးရေးအတွက် လမ်း/တံတား တိုးချဲ့ခြင်း၊ ကျေးရွာချင်းဆက်လမ်းဖောက်လုပ်ခြင်း၊ လယ်ယာကုန်ထုတ်လမ်း ဖောက်လုပ်ခြင်း၊ စိုက်ပျိုးရေးဧရိယာအတွင်း ရေပိုမို ရရှိရေး ချောင်း/မြောင်းများ ပြန်လည်တူးဖော်ခြင်း၊ ကျေးရွာရေရရှိရေး၊ လျှပ်စစ်မီး တိုးချဲ့ခြင်း၊ ကျောင်းဆောင်သစ် တည်ဆောက်/ပြုပြင်ခြင်း၊ ဝန်ထမ်းအိမ်ရာများ တည်ဆောက်ခြင်း၊ ရုံးသစ် တည်ဆောက်ခြင်း စသော တည်ဆောက်ရေးလုပ်ငန်းပေါင်း ၁၆၀ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှုများကို ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကိုနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့သည် မြို့ပေါ်တွင် ဆောင်ရွက်လျက်ရှိသော မြို့နယ်ခန်းမ တည်ဆောက်ရေးလုပ်ငန်း၊ ၄ ခန်းတွဲ ၃ ထပ် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်း၊ ၄ ခန်းတွဲ ၄ ထပ် မြို့နယ်ကျန်းမာရေးဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်း လုပ်ငန်း၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၄ ခန်းတွဲ Steel Strucle ၃ ထပ် ဒီးမော့ဆိုမြို့ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်း၊ သမဝါယမဦးစီးဌာနမှ ၃ ခန်းတွဲ တစ်ထပ် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ရုံးသစ်တည်ဆောက်နေမှုလုပ်ငန်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသော မြို့တွင်း လမ်း/တံတား လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ တာဝန်ယူဆောင်ရွက်နေသော ကုမ္မဏီများအား လုပ်ငန်းများ အရည်အသွေး ကောင်းမွန်စွာ ဆောင်ရွက်ရေး၊ ဌာနဆိုင်ရာများကလည်း အနီးကပ်ကြီးကြပ် ဆောင်ရွက်ရေး မှာကြားခဲ့ကြောင်း သိရသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့သည် ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ရီရယ်(ဒီးမော့ဆို)

 

10.jp