ဒီမိုကရေစီစနစ်အတွက် မရှိမဖြစ်သည့် လိုအပ်ချက်

စက်တင်ဘာ ၆

လူ့အဖွဲ့အစည်းတစ်ခုလုံး တည်ငြိမ်အေးချမ်းရေးနှင့် နေ့စဉ်လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် တရားဥပဒေ စိုးမိုးရေးက အရင်းခံဖြစ်သည်။ တရားဥပဒေ စိုးမိုးရေးတွင် နိုင်ငံသူ နိုင်ငံသားများ ဥပဒေဗဟုသုတ ပြည့်စုံမှု၊ ဥပဒေအသိရှိမှုတို့ကလည်း အရေးပါသည်။ ဥပဒေဟူသည် စည်းမျဉ်း၊ စည်းကမ်း၊ ညွှန်ကြားချက်၊ ကန့်သတ်ချက် တစ်မျိုးဖြစ်သည်။ လူ့အဖွဲ့အစည်းတစ်ရပ် တည်ငြိမ်အေးချမ်းရေးအတွက် စည်းနှောင်ပေးသော အရာလည်း ဖြစ်သည်။

တရားဥပဒေစိုးမိုးရေး (Rule of Law) နှင့် စပ်လျဉ်း၍ ရှုထောင့် အမျိုးမျိုး၊ အယူအဆ အမျိုးမျိုးတို့ ရှိကြသည်။ အနှစ်သာရ အားဖြင့်မူ-

(၁) ပြည်သူပြည်သားများ၏ ဘဝငြိမ်းချမ်းသာယာရမည်။

(၂) စီးပွားကုန်သွယ်မှုများ စည်ပင်ဝပြောရမည်။

(၃) အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး ကောင်းမွန်ချောမွေ့စေရမည်။

(၄) လူမှုရေးဆိုင်ရာ ပြဿနာများကို တရားဥပဒေဖြင့် တရားမျှတစွာ ဆုံးဖြတ်ဖြေရှင်းပေးနိုင်ရမည်။

(၅) လူလူချင်းပဋိပက္ခဖြစ်ပွားမှု၊ အကြမ်းဖက်မှုများကို ရန်တုံ့ပြန် ခြင်းမပြုဘဲ တရားဥပဒေအရ ဖြေရှင်း ပေးနိုင်ရမည်။

(၆) သွေးထွက်သံယိုမှုများ၊ မင်းမဲ့စရိုက်အခြေအနေများကို တရားဥပဒေအရ တားမြစ်နိုင်ရမည်။

(၇) စီးပွားကုန်သွယ်မှု ချောမွေ့စေရန် လိုအပ်သော တရားဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ ချမှတ် ဆောင်ရွက်ပေးရမည်။ ပဋိညာဉ်များကို လေးစားလိုက်နာကြရမည် ဟူ၍ဖြစ်သည်။

ဆိုခဲ့ပါ အချက်များကို လေ့လာကြည့်ခြင်းအားဖြင့် တရားဥပဒေ စိုးမိုးရေးတွင် ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင်နှင့်တကွ ပြည်သူများ၏ အခန်းကဏ္ဍပါ အားလုံးပါဝင်နေကြသည်ကို တွေ့မြင်ရမည် ဖြစ်သည်။ တရားဥပဒေစိုးမိုးရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ''ကျွန်မတို့ နိုင်ငံမှာ တရားဥပဒေစိုးမိုးရေး ရှိစေချင်တယ် ဆိုတာဟာ နိုင်ငံသူ နိုင်ငံသား များအားလုံးဟာ တရားဥပဒေရဲ့ ကာကွယ်မှုအောက်မှာ လုံလုံခြုံခြုံ နေနိုင်ခြင်းကို ကျွန်မတို့ ဦးတည်တာကို ပြောတာပါ။ တရားဥပဒေဆိုတာဟာ တရားမျှတရမယ်၊ ကောင်းမွန်တဲ့ သက်ရောက်မှုရှိနိုင်တဲ့ ဥပဒေတွေရှိရမှာ ဖြစ်ပါတယ်။ ကျွန်မတို့ တရားစီရင်ရေး မဏ္ဍိုင်ကြီးဟာ တည့်မတ်ဖို့၊ ထိရောက်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ တရားစီရင်ရေးနှင့် ပတ်သက်လို့ ဆိုလို့ရှိရင် တရားမျှတမှု ရှိရမယ်၊ နိုင်ငံတကာ လက်ခံထားတဲ့ စံနှုန်းတွေနဲ့ ကိုက်ညီရမယ်။ တရားမျှတမှုဆိုတာဟာ မျှတတဲ့ တရားစီရင်ခြင်းဆိုတဲ့ အဆိုရှိပါတယ်။ လုပ်ရုံနဲ့ မပြီးဘူး၊ လုပ်ပါတယ်ဆိုတာ ထင်ရှားရမယ်။ တရားမျှတရုံနဲ့ မလုံလောက်ဘူး၊ တရားမျှတခြင်း ရှိပါတယ်ဆိုတာ ထင်သာမြင်သာ ဖြစ်ရပါလိမ့်မယ်'' ဟူ၍ မိန့်ကြားခဲ့ဖူးသည်။

ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေသည့် မိမိတို့နိုင်ငံအဖို့ တရားဥပဒေစိုးမိုးရေးမှာ မရှိမဖြစ် လိုအပ်ချက် ဖြစ်သည်။ တစ်နည်းအားဖြင့် တရားဥပဒေ စိုးမိုးရေးသည် ဒီမိုကရေစီစနစ်၏ အသက်သွေးကြော လည်းဖြစ်သည်။ မိမိတို့ ဖော်ဆောင်ကြိုးပမ်းနေကြရသည့် ပြည်တွင်း ငြိမ်းချမ်းရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် နိုင်ငံရေးရာ ကိစ္စအဝဝ တို့အတွက်လည်း တရားဥပဒေစိုးမိုးရေးက အရေးပါသည်။

အထက်တွင် ဖော်ပြခဲ့သော တရားဥပဒေ စိုးမိုးရေးဆိုင်ရာ အနှစ်သာရ (၇) ရပ်ကို နိုင်ငံသူ နိုင်ငံသားတိုင်း ခံစားရရှိနိုင်သည့် အခြေအနေဆီသို့ ရောက်ရှိနိုင်ရန်မှာ အောက်ခြေအဆင့်တွင် ရှိနေသော တရားရုံး၊ ဥပဒေရုံး၊ တရားသူကြီး၊ ဥပဒေအရာရှိ၊ ရဲစခန်း၊ ရဲအရာရှိများမှအစပြုကာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး တည်းဟူသော နိုင်ငံတော်၏ မဏ္ဍိုင်ကြီး (၃) ရပ်လုံးက ဝိုင်းဝန်းဖော်ဆောင် သွားကြရမည် ဖြစ်သကဲ့သို့ တည်ဆဲ တရားဥပဒေဟူသမျှကို လေးစားလိုက်နာ ကြရန်မှာလည်း နိုင်ငံသူ နိုင်ငံသားအားလုံး၏ တာဝန်ပင် ဖြစ်သည်ဟု တင်ပြအပ်ပါကြောင်း။ ။

(မြန်မာ့အလင်း)