ဒီနေ့အတွက် သိကောင်းစရာ (၅၃)

(၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၂၈) ရက်

 

အသည်းရောင်အသားဝါ(ဘီ) ရောဂါအကြောင်း ဘာတွေသိထားသင့်တာလဲ?

 

အသည်းရောင်အသားဝါဗိုင်းရပ်စ် (ဘီ)ပိုးကြောင့်ဖြစ်ပွားပြီး လတ်တလောဖြစ်သော အသည်းရောင် ရောဂါနှင့် နာတာရှည်အသည်းရောဂါဟူ၍ (၂)မျိုး ဖြစ်ပွားနိုင်ပါတယ်။

ကူးစက်နိုင်တဲ့နည်းလမ်းတွေကတော့ - ကလေးမွေးဖွားစဉ် ရောဂါပိုးရှိသောမိခင်မှကလေးသို့ ကူးစက်ခြင်း၊ ရောဂါပိုးရှိသူနှင့် အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း၊ ရောဂါပိုးပါဝင်နေသောသွေး၊ ခန္ဓာကိုယ်မှ ထွက်သောအရည်များ၊ တံတွေးများနှင့် ထိတွေ့မိခြင်း၊ ရောဂါပိုးပါဝင်သောသွေး သွင်းမိခြင်းနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ အစားထိုးကုသခြင်း၊ အကြောတွင်းသို့ မူးယစ်ဆေးထိုးသွင်းသူများ တစ်ဦးနှင့်တစ်ဦး ဆေးထိုးအပ် မျှဝေသုံးစွဲခြင်း၊ ရောဂါပိုးရှိသော ဆေးထိုးအပ်များဖြင့် ဆေးထိုးခြင်း၊ မတော်တဆ အပ်စူးမိခြင်းတို့မှ တစ်ဆင့် ကူးစက်နိုင်ပါတယ်။

ရောဂါလက္ခဏာတွေကတော့ - ဖျားခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ပျို့အန် ခြင်း၊ ဗိုက်အောင့်ခြင်း၊ အသားဝါခြင်း၊ မျက်လုံးဝါခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ ဝမ်းအရောင် ဖျော့ခြင်းနှင့် အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း စသည်တို့ ဖြစ်ပါတယ်။

အသည်းရောင်အသားဝါ (ဘီ) ရောဂါပိုးရှိသူ အများစုမှာ ရောဂါလက္ခဏာပြသခြင်း မရှိဘဲ နာတာရှည် ရောဂါပိုးသယ်‌ဆောင်သူအဖြစ် အခြားသူများသို့ ကူးစက်နိုင်ပါတယ်။ အချို့သောသူများတွင် နောက်ဆက်တွဲပြဿနာများအဖြစ် နာတာရှည်အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်းနှင့် အသည်း ကင်ဆာရောဂါတို့ဖြစ်စေတတ်ပြီး အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။

ကာကွယ်နိုင်တဲ့နည်းလမ်းတွေကတော့ -

- ကလေးမွေးဖွားပြီး (၂၄)နာရီအတွင်း မွေးကင်းစကလေးအား ကာကွယ်ဆေးထိုးနှံခြင်း။

- အသည်းရောင်အသားဝါရောဂါ (ဘီ)ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် (၃)ကြိမ် ထိုးနှံခြင်း။

အသည်းရောင်အသားဝါ (ဘီ)ရောဂါပိုး ကူးစက်ခံရပါက -

- အရက်သောက်ခြင်းမှ ရှောင်ကြဉ်ပါ။ အာဟာရပြည့်ဝစွာ စားသောက်ပါ။

- ဆရာဝန်ညွှန်ကြားသည့်အတိုင်း စနစ်တကျကုသမှုခံယူပါ။

"ရင်သွေးငယ်များအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အခမဲ့ထိုးနှံပေးလျက်ရှိသော အသည်းရောင်အသားဝါ (ဘီ) ပိုး ကာကွယ်ဆေးကို အကြိမ်ပြည့်ရယူထိုးနှံပါ။ "

 

#Ministry_of_Health_and_Sports