ဒီနေ့အတွက် သိကောင်းစရာ (၆၃)

(၂၀၂၀) ပြည့်နှစ်၊ သြဂုတ်လ (၂၀) ရက်

သားအိမ်ခေါင်းကင်ဆာရောဂါကို ကြိုတင်ကာကွယ်နိုင်ပါသလား?

သားအိမ်ခေါင်းကင်ဆာသည် ကြိုတင်ကာကွယ်နိုင်သော ရောဂါဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ အမျိုးသမီးများတွင် ဖြစ်ပွားသော ကင်ဆာရောဂါများအနက် ဒုတိယအများဆုံး တွေ့ရှိရသည့် ရောဂါဖြစ်ပါသည်။

သားအိမ်ခေါင်းကင်ဆာရောဂါသည် ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်သည့် (Human Papilloma Virus - HPV) ကြောင့် အဓိကဖြစ်ပွားပြီး အသက်ငယ်ရွယ်စဉ် စောစီးစွာအိမ်ထောင်ပြုခြင်း/ လိင်ဆက်ဆံခြင်း၊ လိင်ဆက်ဆံဖော်များခြင်း၊ လိင်နှင့်ပက်သက်သောရောဂါများ ကူးစက်ခံရခြင်းနှင့် မိန်းမကိုယ်နှင့် သားအိမ်ခေါင်းတွင် ကြွက်နို့/ ရေယုန် ပေါက်ခြင်းစသည်တို့ကြောင့် ကူးစက်ဖြစ်ပွားနိုင်ပါသည်။

ရောဂါလက္ခဏာများမှာ မိန်းမကိုယ်မှ အဖြူဆင်းခြင်း၊ ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်း၊ ဆီးစပ်နှင့် ခါး နာကျင်ကိုက်ခဲခြင်း၊ ဆီးတွင်းသွေးပါခြင်း၊ ဆီးသွားရခက်ခဲခြင်း၊ လိင်ဆက်ဆံမှုပြုပြီးပါက သွေးဆင်းခြင်းနှင့် နာကျင်ခြင်းတို့ ဖြစ်ပါသည်။

ကြိုတင်ကာကွယ်ခြင်းနည်းလမ်းများမှာ -

(၁) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးခြင်း၊

(၂) သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့်ကို စောစီးစွာသိရှိရန် စစ်ဆေးခြင်း၊

(၃) အခြားနည်းလမ်းများ ဖြစ်သည့် -

• အသက်ငယ်ရွယ်စဉ် လိင်ဆက်ဆံမှု မပြုခြင်း၊

• တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်း၊ လိင်ဆက်ဆံဖက် မများခြင်း၊ ကွန်ဒုံးသုံးခြင်း၊

• တစ်ကိုယ်ရေ သန့်ရှင်းရေး (အထူးသဖြင့် မိန်းမကိုယ်နှင့် သားအိမ်ခေါင်း သန့်ရှင်းရေး) ဂရုပြုခြင်း၊

• ဆေးလိပ်သောက်ခြင်းမှ လုံးဝ ရှောင်ကြဉ်ခြင်း၊

• သားအိမ်ခေါင်းဝ အရည်ကြည်တွင် ရောဂါ ရှိ/ မရှိ ပုံမှန်ကြိုတင်စမ်းသပ်ခြင်း၊

"ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသက် (၉)နှစ်မှ (၁၀)နှစ်အထိ မိန်းကလေးတိုင်းအတွက် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးအား (၂၀၂၀) ပြည့်နှစ် စက်တင်ဘာလမှစ၍ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်မှာထည့်သွင်းကာ အခမဲ့ထိုးနှံပေးမှာဖြစ်လို့ နီးစပ်ရာကျန်းမာရေးဌာနများနှင့် ဆက်သွယ်ရယူပါ။"

#Ministry_of_Health_and_Sports, #MoHS, #Todays_Message, #ဒီနေ့အတွက်သိကောင်းစရာ

https://www.mohs.gov.mm/