မောင်တော ၇ ဇန်နဝါရီ
ရခိုင်ပြည်နယ်အတွင်းရှိ ဒိုင်းနက်(ခေါ်)သက္ကမလူမျိုးများ၏ (၇) ကြိမ်မြောက် အမျိုးသားနေ့ကို ယနေ့နံနက်ပိုင်းတွင် ဘူးသီးတောင်မြို့နယ်မြောက်ပိုင်း မီးကျောင်း ခေါင်းဆွဲကျေးရွာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပရာဒိုင်းနက်ရိုးရာဓလေ့၊ရိုးရာ အဆို၊အက၊ အတီးအမှုတ်တို့ဖြင့်ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ဒိုင်းနက်(ခေါ်)သက္ကမ အမျိုးသားနေ့ကို ၎င်းတို့လူမျိုးများ၏ မူရင်းအမည် ဖြစ်သည့် “သက္ကမ” အမည်ပြန်လည်အသက်ဝင်လာစေရန်၊ မိခင်ဘာသာစကားနှင့် စာပေများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် ယဉ်ကျေးမှု၊ ရိုးရာအဝတ် အစားများ ပြန်လည်ရှင်သန်လာစေရန်နှင့် နိုင်ငံတကာတွင်ရောက်ရှိနေ သည့် “သက္ကမ” လူမျိုးများနှင့် အပြန်အလှန်ဆက်သွယ်လာနိုင်စေရန်စသည့် ရည်ရွယ် ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ကျင်းပရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဒိုင်းနက်လူမျိုးများသည် မြို၊ ခမီ၊ သက်၊ မရမ္မာကြီးအစရှိသော ရခိုင်တိုင်းရင်း သားမျိုးနွယ်စုများကဲ့သို့ ဘူးသီးတောင်၊ မောင်တောအပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိမြို့နယ်များ၌ ပျံ့နှံ့နေထိုင်လျက်ရှိကြောင်း၊ဒိုင်းနက်လူမျိးများ၏ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ပျောက်ပျက်မသွားစေရန် ဒေသနေဒိုင်းနက်လူမျိးများက ဆက်လက်ထိန်းသိမ်းထားကြကြောင်း သိရသည်။
ဒိုင်းနက် (ခေါ်) သက္ကမလူမျိုးများ၏အမျိုးသားနေ့ကို ၂၀၁၂ ခုနှစ်က စတင် ကျင်းပလာခဲ့ပြီး ပထမဆုံးအကြိမ်ကို မင်းပြားမြို့နယ် လက်ပန်ကုန်းကျေးရွာတွင် ကျင်းပခဲ့ကြောင်း၊ နှစ်စဉ် ရခိုင်ပြည်နယ်အတွင်းရှိ ဒိုင်းနက်လူမျိုးများနေထိုင်ရာ မြို့နယ်များကိုရွေးချယ်ကာ ကျေးရွာများ၌ကျင်းပလေ့ရှိကြောင်း၊ ယခုနှစ်ဒိုင်းနက်ခေါ် သက္ကမ လူမျိုးများ ၏ ၇ ကြိမ်မြောက် အမျိုးသားနေ့ကို ဘူးသီးတောင်မြို့နယ် မီးကျောင်း ခေါင်းဆွဲ ကျေးရွာကိုရွေးချယ်ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။
မြင့်မောင်၊ဇေယျာ
ဓာတ်ပုံ နေဝင်းထွန်း