ဒို့ပြည်ထဲက သီချင်း၊ ဒို့သီချင်းထဲက တိုင်းပြည်

မောင်စာဂ

 

“တရားမျှတ - လွတ်လပ်ခြင်းနဲ့မသွေ

တို့ပြည် - တို့မြေ များလူခပ်သိမ်း - ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ - ဝါဒဖြူစင်တဲ့ပြည်

တို့ပြည် - တို့မြေ ပြည်ထောင်စုအမွေ - အမြဲတည်တံ့စေ အဓိဋ္ဌာန်ပြုပေ - ထိန်းသိမ်းစို့လေ။

(ကမ္ဘာမကျေ - မြန်မာပြည် တို့ဘိုးဘွားအမွေစစ်မို့- ချစ်မြတ်နိုးပေ)၊ ပြည်ထောင်စုကို - အသက်ပေးလို့ - တို့ကာကွယ်မလေ။

ဒါတို့ပြည် - ဒါတို့မြေ - တို့ပိုင်နက်မြေ။ တို့ပြည် - တို့မြေ - အကျိုးကိုညီညာစွာ - တို့တစ်တွေ ထမ်းဆောင်ပါစို့လေ - တို့တာဝန်ပေ

အဖိုးတန်မြေ။”

 

ဒါသည် ဒို့နိုင်ငံတော်သီချင်းဖြစ်သည်။ ဒို့တိုင်းပြည်ထဲက သီချင်းဖြစ်သည်။ ဒို့မြန်မာနိုင်ငံ၏ နိုင်ငံတော်သီချင်းဖြစ် သည်။ လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသည် ။

 

ဒို့နိုင်ငံတော်သီချင်းသည် ဒို့နိုင်ငံ၏ လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသော သီချင်းဖြစ်သည်။ ဒို့နိုင်ငံတော်၏ အုတ်မြစ်ဖြစ်သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ဒို့အားလုံးကိုယ်စားပြုခဲ့သော တိုင်းပြည်ပြုလွှတ်တော်က မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ်၊ သီတင်း ကျွတ်လဆန်း ၁၀ ရက်နေ့ (ခရစ်နှစ် ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့) တွင် လက်ခံ၍အတည်ပြုခဲ့သည်။

 

မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ်၊ ပြာသို လပြည့်ကျော် ၉ ရက် (ခရစ်နှစ် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့)တွင် ဒို့နိုင်ငံ သည် အချုပ်အခြာအာဏာပိုင်လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံအဖြစ် ပေါ်ထွန်းလာသည်။ ဒို့ရဲ့ ဖွဲ့စည်းအုပ်ချုပ် ပုံအခြေခံဥပဒေသည်လည်း အသက်ဝင်၍ လာခဲ့သည်။

 

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ နိဒါန်းကောက်နုတ်ချက်

 

မြန်မာနိုင်ငံတော်၏ နိုင်ငံသားများ ဖြစ်ကြသော ကျွန်ုပ်တို့သည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သော မြန်မာနိုင်ငံကို အခိုင်အခံ့ အညီအညွတ်တည်ထောင်ရန် သန္နိဋ္ဌာန်ချ၍လည်းကောင်း၊ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း တည်းဟူသော လောကပါလတရားများကို အခြေပြုကာ လူသတ္တဝါ ခပ်သိမ်းတို့၏ ငြိမ်းချမ်းသာယာရေးကို ခိုင်မြဲတည်တံ့ အောင် ထိန်းသိမ်းရန် သန္နိဋ္ဌာန်ချ၍လည်းကောင်း၊ လူမှုဆက်ဆံရေးတရားမျှတမှု၊ စီးပွားရေး တရားမျှတမှု၊ နိုင်ငံရေးတရားမျှတမှု၊ လွတ်လပ်စွာ တွေးကြံနိုင်မှု၊ လွတ်လပ်စွာ ဖွင့်ဟရေးသားဖော်ပြနိုင်မှု၊ လွတ်လပ်စွာယုံကြည်နိုင်မှု၊ လွတ်လပ်စွာကိုးကွယ်နိုင်မှု၊ လွတ်လပ်စွာ ဘုရားကျောင်းကန်စသည်တို့သို့ သွားလာဝတ် ပြုနိုင်မှု၊ လွတ်လပ်စွာ ပရိယေသနရှာမှီးနိုင်မှု၊ လွတ်လပ်စွာ စည်းရုံးနိုင်မှု၊ လွတ်လပ်စွာပြုမူဆောင်ရွက်နိုင်မှု၊ အဆင့်အတန်းညီမျှမှု၊ အခွင့်အလမ်းညီမျှမှု၊တရားဥပဒေအရာတွင်ညီမျှမှုတို့ကို နိုင်ငံသားအားလုံးတို့ ရရှိခံစားနိုင်စေခြင်းငှာ အခိုင်အမာခံဝန်ပြုရန် သန္နိဋ္ဌာန်ချ၍လည်းကောင်း မြန်မာသက္ကရာဇ် ၁၃၀၉ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၀ ရက်နေ့ (ခရစ်နှစ် ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ၂၄ ရက်နေ့)တွင် ဤဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကျွန်ုပ်တို့ တိုင်းပြည်ပြု လွှတ်တော်၌ ကျွန်ုပ်တို့သည် လက်ခံ၍ ဥပဒေအဖြစ် အတည်ပြုပြီးလျှင် ကျွန်ုပ်တို့အား နှင်းအပ်လိုက်သည်။

 

mdn

 

အခြေခံဥပဒေ၏အနှစ်သာရ

 

ဒို့ပြည်ထောင်စု မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်၍ လွတ်လပ်သည်။ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတို့အပေါ်၌ တည်ထောင်၍ထားသည်။ ဒို့ပြည်ထောင်စု မြန်မာနိုင်ငံတွင် ပြည်ထောင်စုသားတိုင်း လူမှုဆက်ဆံရေး၌ တရားမျှတခြင်း၊ စီးပွားရေး၌ တရားမျှတခြင်း၊ နိုင်ငံရေး၌ တရားမျှတခြင်း၊ လွတ်လပ်စွာ တွေးကြံနိုင်ခြင်း၊ လွတ်လပ်စွာ ပြောဆိုရေးသား ဖွင့်ဟနိုင်ခြင်း၊ လွတ်လပ်စွာ ယုံကြည်နိုင်ခြင်း၊ လွတ်လပ်စွာကြိုက်ရာ ဘာသာကိုကိုးကွယ်နိုင်ခြင်း၊ လွတ်လပ်စွာ ဝမ်းစာ ရှာဖွေနိုင်ခြင်း၊ လွတ်လပ်စွာ စည်းရုံးနိုင် ခြင်း၊ လွတ်လပ်စွာပြုမူနိုင်ခြင်းတို့ကို ရရှိခံစားခွင့်ရှိသည်။ “ဒို့ပြည်ထောင်စု မြန်မာနိုင်ငံတွင် အဆင့်အတန်းခွဲခြားခြင်း မရှိစေရပါ။ အခွင့်အရေးညီမျှရသည်။ ဆင်းရဲချမ်းသာ ခွဲခြားခြင်းမရှိဘဲ ကြိုးစားလျှင် ကြိုးစား သလောက် ဝီရိယနှင့် ဉာဏ်ပညာအစွမ်း ကိုလိုက်၍ အကျိုးကျေးဇူးခံစားနိုင်ရမည်။ တရားဥပဒေအရာတွင် ရာထူးဂုဏ်၊ အခြား ဂုဏ်တို့ကိုမငဲ့၊ ညီမျှရမည်။ ဥပဒေအရာတွင် အားလုံးတူညီ၍ တရားသူ၊ မှန်သူကို ဥပဒေကကာကွယ်မည်၊ မတရားသူ၊ ပြစ်မှုကျူးလွန်သူကို အပြစ်ပေးမည်ဖြစ်သည်။

 

mdn

 

ဒို့သီချင်း၏အနှစ်သာရ

 

ဒို့နိုင်ငံတော်သီချင်း၏ အနှစ်သာရကို ဆန်းစစ်ကြည့်ကြပါစို့။ “တရားမျှတလွတ်လပ်ခြင်းနဲ့ မသွေ”တဲ့ တရားနှင့် အညီမျှတရမည်၊ လွတ်လပ်ရမည်။ “ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့မြေ”တဲ့ အခွင့်အလမ်း ညီတူညီမျှဖြစ်စေရမည်။ ယင်းသို့ ဆိုလျှင် ဒို့ပြည်၊ ဒို့မြေသည် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်း ဟူသော လောကပါလတရားသုံးပါး ဖြစ်ထွန်းနေသည့် ဖြူစင်သောဝါဒ လွှမ်းမိုးနေသည့် တိုင်းပြည်ဖြစ်မည်။

 

ဒို့ပြည်ထောင်စုဖွား တိုင်းရင်းသားများ အားလုံး၊ အားလုံးသောလူခပ်သိမ်းတို့ ထာဝရငြိမ်းချမ်းရေး အပြည့်အဝ ရရှိနေ ကြရမည်။ ဒို့ပြည်၊ ဒို့မြေသည် ဒို့အားလုံး၏ ဘိုးဘွားများကပေးထားခဲ့သောဒို့ရဲ့ အမွေ ပြည်ထောင်စုကြီးဖြစ်သည်။ နို့တစ်တွေ အသက်တမျှ ချစ်မြတ်နိုးကြရမည်။ ဒို့ဘိုးဘွားတွေ ပေးအပ်ခဲ့သည့် ဒို့ရဲ့ ပြည်ထောင်စုအမွေကို အမြဲတည်တံ့နေစေဖို့ ဒို့တစ်တွေထိန်းသိမ်းကြရမည်။ ဒို့ပြည်ထောင်စုကြီးအတွက် ဒို့တစ်တွေ အသက်ပေးကာကွယ်ကြရမည်။ ဒို့ အားလုံးအဓိဋ္ဌာန်ပြုကြရမည်။

 

ဒို့မြေသည် အဖိုးတန်သည့်မြေဖြစ်သည်။ ဒို့ပြည်၊ ဒို့မြေအတွက်၊ ဒို့တိုင်းရင်းသားအားလုံးအတွက် အကျိုးစီးပွားကို ဒို့တစ်တွေ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ထမ်းဆောင်ကြရမည်။ ဒါသည်ဒို့အားလုံး၏တာဝန်ဖြစ်သည်။

 

ဤသည်တို့မှာ ဒို့နိုင်ငံတော်သီချင်း၏ အနှစ်သာရဖြစ်သည်။ နိုင်ငံတော်သီချင်း၏ အနှစ်သာရသည် ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၏ အနှစ်သာရကိုအနှစ်ချုပ်ပြီး အဓိပ္ပာယ်ပြည့်ဝပေါ်လွင်အောင် ရေးစပ်သီဖွဲ့ထားခြင်းဖြစ်သည်။

 

mdn

 

ဒို့တစ်တွေတာဝန်ကျေပွန်ကြရဲ့လား

 

ယနေ့ ဒို့တိုင်းပြည်လွတ်လပ်ရေးရခဲ့ သည်မှာ (၇၂)နှစ် ပြည့်မြောက်ခဲ့ပြီ။ ဒို့နိုင်ငံတော်သီချင်းသည်လည်း (၇၂)နှစ် ပြည့်မြောက်ခဲ့ပြီ။ ဒို့တိုင်းပြည်သည် ဒို့နိုင်ငံတော်သီချင်းထဲက တိုင်းပြည်မျိုးဖြစ်နေပြီလား။ ဒို့တာဝန်ကျေပွန်ကြပြီလား။ ရိုးရိုးသားသားဝန်ခံကြရမည်။ ဝန်ခံရဲကြရပါမည်။ လွတ်လပ်ရေးရသည့် အချိန်ကတည်းက ယနေ့အချိန် ထိ ငြိမ်းငြိမ်းချမ်းချမ်းမရှိသေး။ ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် ကြိုးပမ်းနေရဆဲပါ။

 

ဒို့တိုင်းရင်းသား ပြည်သူတွေအားလုံး တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပြည့်ပြည့်ဝဝ မခံစားကြရသေးပါ။ ဒို့ပြည်၊ ဒို့မြေသည် အဖိုးတန်မြေဖြစ်ပါလျက် နိုင်ငံတကာတွင် အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့ရသည်။ ဒို့တိုင်းပြည်သည် ဒို့သီချင်းထဲက တိုင်းပြည်မျိုးမဖြစ်သေးပါ။ ဒို့တာဝန် မကျေပွန်ကြသေးပါ။ အဓိဋ္ဌာန်ပြုကြပါစို့ဒီကနေ့ ဒို့တိုင်းပြည်သည် ဒို့တိုင်းရင်းသား ပြည်သူအားလုံး၏ မျှော်လင့်တောင့်တချက်အရ ပါတီစုံ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးဆီသို့ ခရီးနှင်နေသည်။ ထာဝရငြိမ်းချမ်းသော ပြည်ထောင်စုကြီး ဖြစ်ထွန်းပေါ်ပေါက်စေရေး ကြိုးပမ်းဆောင်ရွက်နေကြသည်။ ဤသို့သောအချိန်အခါသမယမှာပင် ဒို့တိုင်းပြည်ကိုအပြည်ပြည်ဆိုင်ရာ တရားရုံး (I.C.J) မှာဂမ်ဘီယာနိုင်ငံက တရားစွဲဆိုတောင်းဆိုမှုတွေ ပြုလာသည်။ ဒို့နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ဒို့တိုင်းပြည်၏ အကျိုးစီးပွားအတွက် မားမားမတ်မတ်ရပ်ကာ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် သွားရောက်ရင်ဆိုင် ဖြေရှင်းခဲ့သည်။ နိုင်ငံတစ်ဝန်းရဟန်းရှင်လူ ပြည်သူများကထောက်ခံအားပေး ဝန်းရံခဲ့ကြသည်။ အပြန်ခရီးတွင် ပြည်သူတွေ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။ ။

 

mdn

 

အကြောင်းကြောင့် အကျိုးဖြစ်၊ အကျိုးကြောင့် အကြောင်းဖြစ်၊ ဒို့တိုင်းပြည်၏ သမိုင်းကြောင်းဖြစ်စဉ်၊ အတိတ်ကို အပြစ်မတင်၊ သင်ခန်းစာထားဆင်ခြင်။ ပစ္စုပ္ပန်တွင် သံသယကင်းစင်၊ အရှိတရား၊ ပကတိအနေအထားကို တည့်တည့်ကြည့်မြင်။ အနာဂတ်တွင် ထာဝရမှတ်ထင်၊ ဒို့သီချင်းထဲက တိုင်းပြည်၊ ဒို့တိုင်းပြည် အမှန်တကယ် ဖြစ်ထွန်းစေရေး ဦးတည်ကြစေချင်။ ဒို့တစ်တွေ ဘယ်လိုပင် အတွေးအမြင်၊ အယူအဆ မတူကွဲပြား ခြားနားမှုများရှိနေကြပါစေ၊ မြတ်နိုး ချစ်ခင်၊ မေတ္တာသက်ဝင်၊ အရေးကြီးသောအခါ သွေးစည်းကြကာ ဒို့လွတ်လပ်ရေး၊ ဒို့ပြည်ထောင်စုအမွေကို ဒို့တစ်တွေ အသက်ပေးလို့ ကာကွယ်ကြမည်။ ဒို့ပြည်၊ ဒို့မြေအကျိုးကို ညီညီညွတ်ညွတ် ထမ်းဆောင်ကြမည်။ ဒို့တာဝန် မုချမသွေကျေပွန်စေမည်။ ဒို့သီချင်းကို သံပြိုင်ရွတ်ဆို၊ ဒို့တစ်တွေ အဓိဋ္ဌာန်ပြုရင်း ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော (၇၂)နှစ်မြောက် လွတ်လပ် ရေးနေ့ကို ဂုဏ်ပြုလိုက်ကြပါစို့။

 

  • ပြည်ထောင်စုအမွေ အမြဲတည်တံ့ပါစေ၊
  • များလူခပ်သိမ်း ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ကြပါစေ။
  • ဒို့ပြည်၊ ဒို့မြေအကျိုးကို ညီညာစွာ ဒို့တစ်တွေ ထမ်းဆောင်နိုင်ကြပါစေ။

 

ကြေးမုံ