ဒလမြို့နယ်၌ စားသောက်ဆိုင်များ သန့်ရှင်းကျန်းမာသော အိမ်သာများ အသုံးပြုခြင်းဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်

ရန်ကုန်  ၁၈   မေ 

 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ရာဇသင်္ကြန်ရပ်ကွက်ရှိ ပြည့်ဝေဖြိုးခန်းမတွင် ယမန်နေ့ နံနက် (၉)နာရီက New Vision for Community Development Organization  (အမြင်သစ်လူမှုဘဝမြှင့်တင်ရေး အသင်း) မှ မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၏ အိမ်သာသုံးစွဲမှု အခြေအနေများအား သန့်ရှင်းကောင်းမွန်သော အခြေအနေသို့ ပြုပြင်ပြောင်းလဲ၍ စားသုံးသူများကို  ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်စေရန်နှင့် ဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

 

ဆွေးနွေးပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းဝင်း၊ အမြင်သစ်လူမှုဘဝမြှင့်တင်ရေးအသင်း နာယက ဒေါက်တာခင်မောင်လွင် တို့က အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အသင်းဥက္ကဋ္ဌ ဦးရှင်ဇာနန် က “ မြန်မာနိုင်ငံတွင် သန့်ရှင်းကောင်းမွန်သော အိမ်သာများ အသုံးပြုနိုင်မှုမှာ နည်းပါးလျက်ရှိကြောင်း၊ သန့်ရှင်းရေးကောင်းမွန်သော အိမ်သာများရှိသည့် စားသောက်ဆိုင်များသည် စားသုံးသူ၏ စိတ်ချမ်းသာမှု အပြည့်အဝရရှိပြီး ဝင်ငွေလည်း တိုးပွား လျက်ရှိကြောင်း၊ မိမိတို့၏ စားသောက်ဆိုင်များရှိ အိမ်သာများကို သန့်ရှင်းကျန်းမာသော အခြေအနေသို့ ပြုပြင်ပြောင်းလဲရမည်ဖြစ်ကြောင်း ” လုပ်ငန်းဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ 

 

ဆက်လက်၍ ဒလမြို့နယ်အတွင်းရှိ စားသောက်ဆိုင်(၂၂)ဆိုင် မှ သန့်ရှင်းသော အိမ်သာနှင့် ပြုပြင် ပြောင်းလဲပေးရန်လိုအပ်သော အိမ်သာများ ကောက်ယူရရှိခြင်းတွေ့ရှိချက်များကို ဒေါ်အိအိဆွေ က ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာသူများက ကျန်းမာရေးနှင့် ညီညွှတ်သည့် စားသောက်ဆိုင်အိမ်သာများဆိုင်ရာ သတ်မှတ်ချက်များကို ဆွေးနွေးခဲ့ကြရာ အမြင်သစ်လူမှုဘဝ မြှင့်တင်ရေးအသင်းမှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ စားသောက်ဆိုင်ပိုင်ရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

နိုင်လင်းကျော်(ဒလ)