ဒလမြို့နယ်၌  ဆေးလိပ်မသောက်သူများ၏ နစ်နာမှုများ ကာကွယ်ရေးဆိုင်ရာ ရှေးလုပ်ငန်းစဉ် ဆွေးနွေးပွဲ ပြုလုပ်

ရန်ကုန် ၁၈ ဇွန်


ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ အမြင်သစ် လူမှုဘဝမြှင့်တင်ရေးအသင်းမှ ဆေးလိပ် မသောက်သူများ၏ နစ်နာမှုများ ကာကွယ်ရေးဆိုင်ရာ ရှေးလုပ်ငန်းစဉ်ဆွေးနွေးပွဲကို ဇွန် ၁၇ ရက် မွန်းလွဲပိုင်းက မြို့နယ်သီရိဇေယျ အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ဆွေးနွေးပွဲတွင် အမှတ်(၁)ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဆရာဝန်ကြီး ဒေါက်တာထွန်းဝင်းတို့က အမှာစကားပြောကြားခဲ့သည်။ 


ထို့နောက် အမြင်သစ် လူမှုဘဝမြှင့်တင်ရေးအသင်း နာယက ဒေါက်တာခင်မောင်လွင်က ဆေးလိပ်ကြောင့် နှစ်စဉ်အသက်ဆုံးရှုံးမှုသည် HIV၊ AIDS၊ ငှက်ဖျား၊ တီဘီရောဂါများထက် အဆမတန်မြင့်မားလျက်ရှိကြောင်း၊ ဆေးလိပ်သောက်သုံးမှုကြောင့် အသက်ဆုံးရှုံးမှုတွင် ဆေးလိပ်သောက်သူများသာ မဟုတ်ဘဲ မသောက်သူများလည်း ပါဝင်ကြောင်း၊ ဆေးလိပ်မီးခိုးများ ရှူရှိုက်နေကြရသဖြင့် သောက်သူများကဲ့သို့ပင် ရောဂါခံစားနေရခြင်းတို့ ဖြစ်ပွားလျက်ရှိကြောင်း၊ လူအများဆုံးနေရာများရှိ အမိုးအကာများအောက်တွင် ဆေးလိပ်မသောက်စေဘဲ သတ်မှတ်ပေးသည့်နေရာ၌သာ သောက်ကြရန် ဥပဒေပြဋ္ဌာန်းခဲ့ပြီး ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေတို့ကို ကျန်းမာရေးဝန်ကြီးဌာနမှ ပြဌာန်းပေးထားကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။


စားသောက်ဆိုင်များ၊ ရုပ်ရှင်ရုံများ၊ တည်းခိုဆောင်များ၊ ဆေးရုံများ၊ ဆေးခန်းများ၊ ဟောတယ်များ၊ ကျောင်းများ၊ ဓမ္မာရုံများ၊ ဘုရားရှိခိုးကျောင်းများ၊ ဘတ်စ်ကားဂိတ်များ၊ ကားမှတ်တိုင်များ  ဓာတ်လှေခါးများ စသည့် လူအများဆုံး တွေ့ရာ နေရာများ၌ ဆေးလိပ်မသောက်ရ နေရာများအဖြစ် သတ်မှတ်ထားပြီး သောက်လျှင် ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ပြီး၊ စားသောက်ဆိုင်များ၌ ဆေးလိပ်မရောင်းလျှင်၊ သောက်ခွင့်မရှိလျှင် ဝင်ငွေလျော့သွားမည်ဟု ထင်မှတ်ကြကြောင်း နိုင်ငံတကာတွင် ဆေးလိပ်မသောက်ရဟု သတ်မှတ်ခြင်းကြောင့် စားသောက်ဆိုင်များ၏ ဝင်ငွေ မထိခိုက်ရုံသာမက ပို၍ပင် ဝင်ငွေတိုးပွားကြောင်း ဆွေးနွေးပွဲမှ သိရသည်။


ဆေးလိပ်ကြောင့် နှလုံးသွေကြောကျဉ်း အစာအိမ်လေနာ၊ သွေးတိုး၊ ဆီချို၊ ပန်းနာရင်ကြပ်၊ ကင်ဆာရောဂါ၊ အဆုပ်ရောဂါ စသည့် နာတာရှည်ရောဂါများ ဖြစ်ပွားနိုင်ပြီး ကိုယ်ဝန်ဆောင်များ မိခင်များအနေဖြင့် ဆေးလိပ်ကြောင့် သန္ဓေသားပျက်ကျနိုင်သလို မပျက်လျှင် ပေါင်းမပြည့်၊ လမစေ့ဘဲ မွေးဖွားနိုင်ခြင်း၊ လူစဉ်မမီ၊ ဉာဏ်ရည်မပြည့်ဝဘဲ မွေးဖွားလာနိုင်ကြောင်း၊ AIDS၊ ငှက်ဖျား၊ တီဘီ စသည့် ရောဂါများထက် လူသေဆုံးရမှုမှာ ဆေးလိပ်ကြောင့် သေဆုံးမှုမှာ (၃)ဆခန့် ပိုများကြောင်း၊ ဆေးလိပ်တစ်လိပ်ကြောင့် အသက်(၁၀)မိနစ်တိုသွားစေကြောင်း သုတေသီများက ရှာဖွေတွေ့ရှိထားကြောင်း သိရသည်။


နိုင်လင်းကျော်(ဒလ)