ရန်ကုန် မေ ၂၀

 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ မိုးစပါးရာသီတွင် ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် အထွက်နှုန်းတိုးတက်ရေးအတွက် နည်းပညာပေးဟောပြောဆွေးနွေးပွဲကို မေ ၁၈ ရက် နံနက်ပိုင်းက ကျင်းပသည်။

 

ဆွေးနွေးဟောပြော

ဦးစွာ ဒလမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်မိုးက စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များ ရှင်းလင်းတင်ပြပြီး သန်လျင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်ဆွေဆွေမြင့်က မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နည်းပညာများ၊ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်တင်တင်ဝင်းက မျိုးကောင်းမျိုးသန့်သုံးစွဲရေး၊ မျိုးသန့်မျိုးစေ့ထုတ်လုပ်ရေးဆိုင်ရာကိစ္စများကို ဆွေးနွေးဟောပြောသည်။

 

ထို့နောက် ဒလမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်မိုးက ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် အထွက်နှုန်းတိုးတက်ရေးတို့အတွက် ဆောင်ရွက်ရမည့် နည်းလမ်းများကို ရှင်းလင်းဆွေးနွေးပြီး ဓနုတ်စံပြကျေးရွာမှ တောင်သူဦးကျော်တင့်အား ငွေနှင်းမှိုမျိုးထုပ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်စန္ဒာမြင့်(ပြန်/ဆက်)