ဒလမြို့နယ်တွင် အသွားအလာစောင့်ကြည့်ရေးစင်တာတစ်ခုအား ယာယီပိတ်သိမ်း

ဒလ၊   ၇   ဇန်နဝါရီ

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ဒလမြို့နယ်တွင် အသွားအလာကန့်သတ်စောင့်ကြည့်သည့် စင်တာတစ်ခုအား ဇန်နဝါရီ ၅  ရက်  ညနေပိုင်းမှစ၍ ယာယီပိတ်သိမ်းလိုက်ကြောင်း သိရသည်။

ယာယီပိတ်သိမ်းလိုက်သည့် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာမှာ   တပင်ရွှေထီးရပ်ကွက် ရှိ အမှတ်(၄)အခြခံပညာ အထက်တန်းကျောင်းတွင် ၂၀၂၀  ပြည့်နှစ် နိုဝင်ဘာ ၂၇ ရက်မှ စတင်ကာ အသွားအလာကန့်သတ်စောင့်ကြည့်ခံရသူများအား ထားရှိခဲ့သည့် စင်တာဖြစ်ပြီး အဆိုပါ ကန့်သတ်စောင့်ကြည့်ခံရသူများ၏ နေထိုင်စားသောက်ရေးများအား Super Seven Stars Co.,Ltd မှ တာဝန်ယူ ပံ့ပိုးကူညီပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခင်က အဆိုပါစင်တာတွင် ကန့်သတ်စောင့်ကြည့်ထားသူ ဦးရေမှာ များသော်လည်း နောက်ပိုင်းတွင်

ဒလမြို့နယ်မှ ပိုးတွေ့ရှိသူများ နည်းပါးလာ​ခြင်း၊ အသွားအလာကန့်သတ် စောင့်ကြည်ရမည့်သူ လျော့နည်း လာခြင်းကြောင့် ယခုကဲ့သို့ ယာယီပိတ်သိမ်းရခြင်းဖြစ်ကြောင်း သိရသည်။

“ကန့်သတ်စောင့်ကြည့်သူက လျော့လာပြီ။ ဒီနေ့ဆို အမျိုးသားတစ်ယောက်၊ အမျိုးသမီးတစ်ယောက်ပဲ ရှိတယ်၊ သူတို့တွေကို မြို့နယ် သီရိဇေယျနော်ရထာခန်းမမှာဖွင့်ထားတဲ့ စင်တာကို ပို့မှာပါ” ဟု အဆိုပါ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာ၏ လုံခြုံရေးတာဝန်ဆောင်ရွက်သူ မြို့နယ်မီးသတ် တပ်ဖွဲ့စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးကြည်လွင်က ပြောပြသည်။

စင်တာစတင်ဖွင့်လှစ်သည်မှ ယာယီမပိတ်သိမ်းခင်အထိ စင်တာရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်ခံရသူများ၏ လုံခြုံမူရှိစေရေးအတွက်လည်း ကန့်သတ်စောင့်ကြည့်ခံသူများထားရှိရာ အခန်းနှင့် လျှောက်လမ်းတစ်လျှောက်တွင် လုံခြုံရေးကင်မရာ(CCTV)များ ထားရှိကာ Main Room မှ စောင့်ကြည့်ပေးကြောင်းလည်း  သိရသည်။

“ကျွန်တော်တို့  စင်တာကို ရောက်လာတဲ့ ကန့်သတ်စောင့်ကြည့်ထားသူတွေကို စရောက်တဲ့နေ့မှ (၃)ရက် တစ်ခါ နှစ်ကြိမ် Swab ယူတယ်။ ပိုးမတွေ့ဘူးဆိုရင် (၈)ရက်ဆို အိမ်ပြန်လို့ရပြီ။ ပိုးတွေ့တယ်ဆိုရင်တော့ ရန်ကုန် အောင်မြင့်မိုလ်ကုသစင်တာကို ပို့တယ်။ စင်တာစဖွင့်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလကနေ ဇန်နဝါရီ ၄ ရက်အထိ လူ(၃၀)လောက်တော့ ပိုးတွေ့တယ်။ စင်တာဖွင့်ထားတဲ့အချိန် စင်တာမှာကန့်သတ်စောင့်ကြည့်ခံသူတွေ ဘာပြဿနာမှ မဖြစ်ပေါ်ပါဘူး”ဟု လက်ထောက်မီးသတ်ဦးစီးမှူးက ဆက်လက်ပြောပြသည်။

ထို့အပြင် မြို့နယ်ကျန်းမာရေးဌာနကလည်း ကျန်းမာရေးမှူးများအား အလှည့်ကြ တာဝန်ချထားပေးကာ ကန့်သတ်စောင့်ကြည့်ခံရသူများအား ကျန်းမာရေးစောင့်ရှောက်မူများ ဆောင်ရွက်ပေးကြောင်း သိရသည်။ ဒလမြို့နယ်တွင် ယခုအခါ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူ သုံးဦးရှိကြောင်း မြို့နယ်ခန်းမစင်တာတွင် နေရာပြောင်းပို့ဆောင်သူ နှစ်ဦးနှင့် မင်္ဂလာပါတည်းခိုခန်းတွင် ဖွင့်လှစ်ထားသည့် စင်တာ၌ တစ်ဦးတို့သာကျန်ရှိတော့ကြောင်း သိရသည်။

မောင်ယဉ်ဦး