ဒလမြို့နယ်တွင် စိုက်ပျိုးနည်းပညာပေးဆွေးနွေးပွဲနှင့် အထွက်တိုးမိုဘိုင်းအပလီကေးရှင်း သုံးစွဲနည်းသင်တန်းပို့ချ

ဒလ   ၂၀   ဇွန် 

ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒလမြို့နယ်မှ တောင်သူကြီးများအား(မြေ၊မျိုး၊ပိုး)စိုက်ပျိုး နည်းပညာပေး ဆွေးနွေးပွဲနှင့် အထွက်တိုးမိုဘိုင်းအပလီကေးရှင်း သုံးစွဲနည်းသင်တန်းပို့ချခြင်းအား ယနေ့နံနက်ပိုင်းက ညောင်ငုတ္တိုကျေးရွာ အင်ကြင်းပွင့်ခန်းမတွင် ပြုလုပ်ခဲ့သည်။

 

2338

 

စိုက်ပျိုးနည်းပညာဆွေးနွေးပွဲတွင် တောင်ပိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစံထွန်းဝင်းက စပါးစိုက်ရာသီတွင် တောင်သူကြီးများတွေ့ကြုံနိုင်သည့် စပါးဖျက်ပိုးမွားများအကြောင်းနှင့် ကြိုတင်ကာကွယ် ရှင်းလင်းရေးလုပ်ငန်းစဉ်များ၊ စိုက်ပျိုးနည်းစနစ်များ၊ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေးလုပ်ငန်း စဉ်များ၊မြို့နယ်စိုက်ပျိုးရေးမန်နေဂျာ ဦးမျိုးသူက ဒလမြို့နယ်တွင် မိုးစပါးစိုက်ဧက လျာထားမှုများဒေသတွင်းရှိ စိုက်ပျိုးမြေအခြေအနေများ၊ စပါးဖျက်ပိုးကျရောက်ပါက ဌာနမှကူညီပေးရန်စီမံ ထားရှိထားမှု အစီအမံများ၊ တိုင်းစိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာဒေါစန်းစန်းဝင်း(သီးနှံပိုးမွှားတာဝန်ခံ)က သဘာဝမြေသြဇာပြုလုပ်သုံးစွဲရေး၊ ဓာတ်မြေသြဇာစနစ်တကျ သုံးစွဲရေး၊ စပါးဖျက်ပိုးများအား ဒေသနည်း/သဘာဝနည်းများအသုံးပြု၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ၊ မိုဘိုင်းအက်ပလီကေးရှင်းအသုံးပြုကာ စိုက်နည်းစနစ်များနှင့်သက်ဆိုင်သည်များအား သိရှိနိုင်မည့် အစီအမံများအားရှင်းလင်း ပြောကြားသည်။

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူကြီးများအတွက် စိုက်နည်းစနစ်များနှင့် စိုက်ပျိုးချိန်တွင် တွေ့ကြုံနိုင်သည့် အခက်အခဲများအား ရှင်းလင်းဖြေကြားပေးမည့် Call Center ကို နေပြည်တော်နှင့် ရန်ကုန်တွင်  ထားရှိပေးထားသဖြင့် စိုက်ပျိုးရေးနှင့်ပတ်သက်သည်များကို မေးမြန်းနိုင်ကြောင်း သိရသည်။

တောင်ပိုင်းခရိုင်တွင် ယခုနှစ်မိုးစပါးစိုက်ပျိုးဧက(၈)သိန်းကျော်ရှိပြီး ဒလမြို့နယ်တွင် ၄၆၈၇၂ ဧကရှိကြောင်းသိရသည်။

မောင်ယဉ်ဦး (ဒလ)