ဒလတံတားတည်ဆောက်ရေး ပင်မတံတားရေလယ်တိုင်   ဘိုးပိုင်ဆောင်ရွက်စဉ် လူတစ်ဦး  မြစ်တွင်းပြုတ်ကျ

ရန်ကုန်  ၂၉  ဇွန်

           

မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဒလတံတားတည်ဆောက်ရေး လုပ်ငန်းခွင်ဖြစ်သည့် ဒလဘက်ခြမ်းရှိ ပင်မတံတား ရေလယ်တိုင်အတွက်  ဘိုးပိုင်လုပ်ငန်း ဆောင်ရွက်နေစဉ် ဇွန် ၂၈ ရက်နေ့ ည ၉ နာရီက ညဆိုင်း ရေလယ်တိုင် ပင်မတံတား တည်ဆောက်ရေးအဖွဲ့ခေါင်းဆောင် တရုတ်နိုင်ငံသားတစ်ဦး မြစ်တွင်း ခြေချော်ပြုတ်ကျမှုဖြစ်ပွားခဲ့သည်။  

           

CCECC တရုတ်ကုမ္ပဏီမှ အလုပ်သမားခေါင်းဆောင် တရုတ်နိုင်ငံသား ZHAN. JIANGNAN အပါအဝင် တရုတ်နိုင်ငံသား ၁၀ ဦး၊ မြန်မာအလုပ်သမား ၃ ဦး၊ စုစုပေါင်း ၁၃ ဦးတို့သည် ပင်မတံတား ရေလယ်တိုင်  PYLON-1 (PR5) ပိုင်တိုင်ကို ပိုင်ရိုက်ခြင်းဆောင်ရွက်နေစဉ် အလုပ်သမားခေါင်းဆောင်ဖြစ်သူမှာ ခြေချော်၍ မြစ်ထဲသို့ ပြုတ်ကျသွားခဲ့ရာ အနီးရှိ မြန်မာအလုပ်သမား ကျော်ကျော်မှ တွေ့ရှိ၍  လုံခြုံရေးတာဝန်ခံ ဒေါ်သီရိဂျွန်ထံ အကြောင်းကြားခဲ့သဖြင့် တံတားတည်ဆောက်ရေးအဖွဲ့မှ ရေငုတ်လှေဖြင့် လိုက်လံရှာဖွေခဲ့ကြောင်း သိရသည်။

           

အဆိုပါဖြစ်ပွားရာနေရာသို့ ဒလမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး အုန်းလွင် နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ရေကြောင်းရဲတပ်ဖွဲ့စု (ရန်ကုန်)မှ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ငြိမ်းအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကမာကဆစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းဟန်တို့က သွားရောက်ကြည့်ရှုခဲ့ကြသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ်(၃) ရေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲ ရေကြောင်းရဲတပ်ဖွဲ့စု (ရန်ကုန်) နှင့် တံတားတည်ဆောက်ရေးအဖွဲ့မှ  ယမန်နေ့ ညပိုင်းမှ စတင်ပြီး ရန်ကုန်မြစ်အတွင်း ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲပိုင်း ၃ နာရီခွဲ အချိန်ထိ မတွေ့ရှိသေးကြောင်း သိရသည်။

                                                                                                                                           

နိုင်လင်းကျော်(ဒလ)