ဒင်းညုမြစ်အတွင်း သင်္ဘောတစ်စင်း တိမ်းမှောက်၊ တောင်ကိုရီးယားခရီးသွား ၇ ဦး သေဆုံး 

၃၀ မေ

ဟန်ဂေရီနိုင်ငံ ဒင်းညုမြစ်အတွင်း တောင်ကိုရီးယားနိုင်ငံသားများ လိုက်ပါလာသည့် ရှုခင်းလှည့်ပတ်ကြည့်ရှု့သည့် သင်္ဘောတစ်စင်း တိမ်းမှောက်မှုဖြစ်ပွားရာ လူ ၇ ဦး သေဆုံးခဲ့ပြီး လူ ၂၁ဦး ပျောက်ဆုံးမှုဖြစ်ပွားခဲ့သည်။

 

2

 

အဆိုပါသင်္ဘောသည် ဗုဒ္ဓဟူးနေ့ညတွင် ဟန်ဂေရီနိုင်ငံ ဘူဒါပက်မြို့တော်တွင် အခြား ခရီးသည်တင်သင်္ဘော တစ်စင်းနှင့် ခေါင်းချင်းဆိုင်တိုက်မိခဲ့ခြင်းဖြစ်သည်။

အဆိုပါ သင်္ဘောပေါ်တွင် တောင်ကိုရီးယားနိုင်ငံသား ခရီးသွား ၃၃ ဦးနှင့် အမှုထမ်းနှစ်ဦးလိုက်ပါလာခဲ့သည်။ လူ ၁၄ ယောက်မှာ ရေအောက်သို့  နစ်မြုပ်ခဲ့ပြီး ခုနှစ်ဦးမှာ သေဆုံးသွားခဲ့သည်။

ပျောက်ဆုံးသွားသော ခရီးသွားဧည့်သည် ၁၉ ဦးနှင့် သင်္ဘောအမှုထမ်း ၂ ဦးတို့ကို ကယ်ဆယ်ရေးသမားများက ရှာဖွေလျက်ရှိသည်။

အခင်းဖြစ်ပွားချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် မြစ်ရေများ မြန်ဆန်စွာ မြင့်တက်လာခဲ့ကြောင်း ဒေသန္တရအာဏာပိုင်များက ပြောကြားသည်။

ပျောက်ဆုံးသူများကို ရှာဖွေရာတွင် ဟန်ဂေရီအာဏာပိုင်များနှင့် လက်တွဲဆောင်ရွက်ရန် အစိုးရတာဝန်ရှိသူများကို တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ညွှန်ကြားခဲ့ကြောင်း တောင်ကိုရီးယားသမ္မတရုံးက ပြောကြားခဲ့ သည်။

ပျောက်ဆုံးသွားသည့် မိသားစုများ၏ အခြေအနေကို  အချိန်နှင့်တပြေးညီ ၄င်းက မေးမြန်းခဲ့သည်။

ဘူဒါပက်သည် လှပသော ဒင်းညုမြစ်၏ ပုလဲရတနာဟုခေါ်ဆိုပြီး ယူနက်စကို အသိအမှတ်ပြု ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် နေရာတစ်ခုဖြစ်သည်။

အဆိုပါ မတော်တဆမှုသည် ကမ္ဘာလှည့်ခရီးသွားများ လာရောက်ရာနေရာတစ်ခုဖြစ်သည့် ဟန်ဂေရီလွှတ်တော်အနီး ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းများကဆိုသည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်