ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကြီးတွင် သရုပ်ဆောင် ရဲတိုက်ကို ပြန်လည်တွေ့ရမည်

ကိုလင်း

သရုပ်ဆောင် ရဲတိုက်ကို မကြာခင် ပရိသတ်များ ကြည့်ရှုရတော့မည့် ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကြီးတွင် ပြန်လည်မြင်တွေ့ရမည်ဖြစ်ပြီး ယင်းဇာတ်ကားကို ဒါရိုက်တာဝင်းထွန်းထွန်းက ရိုက်ကူး၍ ရဲတိုက်၊ ဒေါင်း နှင့် ဝတ်မှုံရွှေရည်တို့က ပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။

''မုန်တိုင်းလေးတွေ တိုက်ခတ်တဲ့အတွက် အနည်းငယ် ယိမ်းယိုင်သွားပါတယ်၊ ခုချိန်မှာ ပြန်လည်ပြီးတော့ သရုပ်ဆောင်လောကထဲကို ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ချ မူအပြည့်နဲ့၊ အရင်တုန်းက ကျွန်တော့်ကို ပရိသတ်တွေ အသိအမှတ်ပြုလေ့ရှိကြတဲ့ ယုံကြည်မူမျိုးနဲ့ ဒီလောက ထဲကိုပြန်ဝင်လာတာပါ၊ ကိုယ့်ပရိသတ်ကတော့ ဝမ်းသာမှာပဲလို့ ထင်ပါတယ်၊ ကားအဟောင်း တွေပဲ ကြည့်နေရတာ ရိုးနေလောက်ပြီ'' ဟု ရဲတိုက်က ပရိသတ်ရှေ့ ပြန်လည်ရောက်ရှိရန် ကြိုးစားထားပုံကို ပြောပြသည်။

ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားနှင့် ပတ်သက်၍လည်း ရဲတိုက်က ''ကျွန်တော်ထောင်ကလွတ်ပြီးမှ ရိုက်ခဲ့တဲ့ ဇာတ်ကားတွေမှာ ဒဏ္ဍာရီမိုး တစ်ကားပဲ အဆင်ပြေပြေ၊ ကောင်းကောင်းမွန်မွန် ပြီးဆုံးသွားတယ်၊ ကျန်တဲ့ကားတွေက နည်းနည်း ကုန်ကျစရိတ်ချွေတာပြီးရိုက်တဲ့ကားတွေ ပါလာတော့ ကျွန်တော်ကိုယ်တိုင် စိတ်ပျက်လာတယ်၊ အဲဒီအတွက် မရိုက်ဘဲ ခဏနားနေခဲ့တယ်၊ ခြောက်လပိုင်းလောက်ဆိုရင်တော့ ပြန်ရိုက်ဖြစ်မှာပါ။ ဒဏ္ဍာရီမိုးကတော့ ကျွန်တော့်အတွက် အမှတ်တရ ဖြစ်စေတဲ့ကားလေးပါ၊ ကျွန်တော့်ခံစားချက် တော်တော်များများကို တူးဆွပြီးတော့ သရုပ်ဆောင်ရတဲ့ သရုပ်ဆောင်ချက်တွေ ပါတဲ့အတွက် ကျွန်တော့်ဘဝမှာ တကယ့်ကို အမှတ်တရဖြစ်စေတယ်။ ကာရိုက်တာအရ ရင့်ကျက်ရတယ်၊ စကားတွေလည်း အများကြီး မပြောရ၊ အမူအရာတွေလည်း အများကြီး မလုပ်ရတဲ့အတွက် တော်တော်လေး ချင့်ချိန် သရုပ်ဆောင်ရပါတယ်။ ချစ်ခြင်း မေတ္တာတရား၊ ဆုံးဖြတ်ချက် မှားသည် မှန်သည်၊ ကိုယ့်အတ္တကြီးသည် မကြီးသည် ဒါတွေကို တွေ့ရ မှာပါ''ဟု ဆက်ပြောပြသည်။