ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကို ဇူလိုင် ၁၁ရက် တွင် ရုံတင်ပြသမည်

ရန်ကုန် ၄ ဇူလိုင်

 

ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကို ဇူလိုင် ၁၁ ရက်တွင် တစ်နိုင်ငံလုံး၌ ရုံတင်ပြသမည်ဖြစ်ပြီး ယမန်နေ့ညက Red Carpet Show ရုပ်ရှင်အထူးပြပွဲကို ရန်ကုန်မြို့ Junction City (JCGV)အဆင့်မြင့်ရုပ်ရှင်ရုံ၌ ပြသခဲ့သည်။ 

 

ဇာတ်ညွှန်းရေးဆရာ ကိုမိုးနီလွင်က “ကျွန်တော် နှစ်ပေါင်းများစွာ သိမ်းထားတာ ကြာပြီဖြစ်တဲ့ ဒီဒဏ္ဍာရီမိုး အချစ်ဇာတ်လမ်းလေးကို 7Sense က သရုပ်ဖော်ပေးပြီး၊ ဒါရိုက်တာကိုထက်က စိတ်ရောကိုယ်ပါနှစ်ပြီး လူငယ်သရုပ်ဆောင်နှစ်ဦးနဲ့အတူ ရုပ်ရော အသံပိုင်းရော အကောင်းဆုံးရိုက်ကူးထုတ်လုပ်ထားလို့ ပရိသတ်ကြီးအနေနဲ့ ကြည့်ပြီး ဝေဖန်အကြံပြုပေးပါလို့ပြောချင်ပါတယ်” ဟု ပြောသည်။  

 

ဒဏ္ဍာရီမိုးရုပ်ရှင်ကို ဒါရိုက်တာ အကယ်ဒမီ ဝင်းလွင်ထက်နှင့် 7Sense ရုပ်ရှင် ထုတ်လုပ်ရေးတို့ ရိုက်ကူးထုတ်လုပ်ပြီး၊ အကယ်ဒမီ ဝတ်မှုံရွှေရည်၊ ရဲတိုက်၊ ဒေါင်း၊ ရွှေထူးနှင့် သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားသည်။ 

 

“ဒီဇာတ်ကားမှာ တစ်ခါမှ မတွဲဖူးသေးတဲ့ သရုပ်ဆောင်တွေလည်း ဖြစ်တယ်၊ ဒဏ္ဍာရီမိုးက အရုပ်ပိုင်းဆိုင်ရာ၊ အသံပိုင်းဆိုင်ရာ ကောင်းတယ်၊ ဒါရိုက်တာ ကိုဝင်းလွင်ထက်က setting တွေ သေချာပြင်ဆင်ထားတယ်၊ ဇာတ်ညွှန်းရေးဆရာ ကိုမိုးနီလွင်ရဲ့စကားလုံးတွေက မာတယ်၊ အတော်ကြိုက်တယ်၊ ကိုရဲတိုက်ရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ ပထမဆုံး ရုံတင်တဲ့ဇာတ်ကားလည်း ဖြစ်ပါတယ်” ဟု producer က ပြောသည်။ 

 

ဒဏ္ဍာရီမိုးတွင် သရုပ်ဆောင် ဒေါင်းနှင့် ရွှေထူးတို့က အပြင်သရုပ်နှင့် မတူသည့် ကာရိုက်တာဖြင့် စိတ်ဝင်စားဖွယ် ရိုက်ကူးထားသည်။ 

 

သန့်ဇင်ဝင်း