ဒန့်သလွန်သီးများ စတင်ခူးယူရောင်းချချိန်ဖြစ်၍ မိသားစုပုံမှန်ဝင်ငွေရရှိနေ

မြင်းမူ ဧပြီ ၂၅

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် မိရိုးဖလာ တောင်သူလယ်ယာလုပ်ငန်းအပြင် မိမိရေမြေနှင့် ကိုက်ညီသည့် သီးနှံများကို စိုက်ပျိုးရောင်းချကြသည်ဖြစ်ရာ မိသားစုပုံမှန်ဝင်ငွေ ရရှိလျက်ရှိကြောင်း သိရှိရသည်။

 

စားသုံးသူများစွာရှိသည့် အိန္ဒိယဒန့်သလွန်ပင်များကို တစ်ပိုင်စိုက်ပျိုးထားရှိကြောင်း၊ အပင်အရွယ်အစား သေးငယ်သော်လည်း တစ်ပင်လျှင် အသီး(၂၀၀)ကျော်ရရှိကြောင်း၊ ယခု လက်ရှိဈေးကွက်အနေဖြင့် တန်းဝင်ဒန့်သလွန်သီး (၁)တောင့်လျှင် ငွေကျပ်(၅၀)နှင့် (၁၀၀)ကြား ရောင်းချရကြောင်း၊ မိမိစိုက်ခင်းအတွင်း အပင်(၁၀၀၀) စိုက်ပျိုးထားရှိကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ငွေကျပ်(၃)သိန်းခန့်ရှိကြောင်း၊ လက်ရှိဈေးအတိုင်း ရောင်းချရပါက ငွေကျပ်သိန်း(၃၀)ခန့်ရရှိရန် ခန့်မှန်းထားကြောင်း၊ မိသားစုတစ်ပိုင်တစ်နိုင် ဒန့်သလွန်စိုက်ပျိုးရောင်းချနေသူ ဦးသဲမောင်ထံမှ သိရှိရသည်။

 

ဒန့်သလွန်စိုက်ပျိုးရာတွင် ပင်ကြားတန်းကြား (၆)ပေထားရှိပြီး ရေလိုအပ်ချိန်ပေးနိုင်ပါက အသီးပိုမိုကြီးထွားကာ ရောင်းတန်းဝင် အသီးများများ ရရှိနိုင်ကြောင်း စိုက်ပျိုးပြီး (၆)လအကြာတွင် အသီးများ ခူးယူရောင်းချနိုင်ကြောင်းနှင့် ဝယ်လိုအားရှိသည့် သီးနှံဖြစ်ကြောင်း သိရှိရသည်။

 

အောင်စိုးဖေ(မြင်းမူ)