ဒါရိုက်တာ ထူးပိုင်ဇော်ဦး၏ ‘သူစိမ်းအိမ်’ ဇာတ်ကား ရုံတင်သည့်နေ့တွင် နိုင်ငံအနှံ့ရှိ ရုပ်ရှင်ရုံများ၌ အောင်မြင်မှုများ ရရှိနေ

ဝေလင်း

‘ည’ ရုပ်ရှင်ဇာတ်ကားဖြင့် အောင်မြင်မှုများ ရရှိခဲ့သော လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦး၏ သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားအနေဖြင့် စတင်ပြသသည့် သြဂုတ် ၁ ရက်တွင် ပရိသတ်၏ စိတ်ဝင်စားမှုအများအပြားကို ရရှိနေကြောင်း သိရသည်။

Junction City ရုပ်ရှင်ရုံများတွင် စတင်ပြသသည့် သြဂုတ် ၁ ရက်အတွက် လက်မှတ်များကို ခုံအပြည့် ရောင်းချခဲ့ရသလို Mega Ace ရုပ်ရှင်ရုံများတွင်လည်း ပုံမှန်ပွဲချိန်ထက်ပို၍ ပွဲချိန်များ ထပ်တိုးပြသရသည်အထိ အောင်မြင်မှုများ ရရှိနေကြောင်း သိရသည်။ ထို့အတူ နိုင်ငံအနှံ့ရှိ Paradiso ရုပ်ရှင်ရုံများတွင်လည်း တစ်ပတ်အတွင်း ပုံမှန်ပွဲချိန်များထက်ပို၍ ပွဲချိန်များ ထပ်တိုး ထားရကြောင်း သိရသည်။

အဆိုပါ သူစိမ်းအိမ် ရုပ်ရှင်တွင် သရုပ်ဆောင် အကယ်ဒမီလွင်မိုး၊ ဂျိုကာ၊ ချာလီ၊ ရှိန်းတင်ထူး၊ အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်၊ အကယ်ဒမီ လင်းဇာနည်ဇော်၊ အကယ်ဒမီဖွေးဖွေး၊ မြတ်နိုးအေး၊ ကူးကူးဇင်အောင် စသည့် သရုပ်ဆောင်များ ပါဝင်ထားကာ ဇာတ်လမ်းအမျိုးအစားမှာ စိတ္တဇလူသတ် သည်းထိတ်ရင်ဖို ဇာတ်လမ်းဖြစ်ပြီး ဇာတ်ကားကို အချိန်နှစ်နှစ်ကျော်ကြာ ရိုက်ကူးထား ကြောင်း သိရသည်။

မြန်မာ့အလင်း