ဒသမအကြိမ်မြောက် အာဆီယံ ဉာဏ်စမ်းပဟေဠိ နိုင်ငံအဆင့်ပြိုင်ပွဲ ကျင်းပ

ရန်ကုန်၊ ဇွန် ၁

 

ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိပြိုင်ပွဲ  - နိုင်ငံအဆင့် (10th Asean Quiz – National Level) ကို ယနေ့မနက်ပိုင်းက ရန်ကုန်မြို့ ၊ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ Studio (A) ၌ ကျင်းပသည်။

 

အဆိုပါ ပြိုင်ပွဲသို့ သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများ၊ အခြေခံပညာ ကျောင်းများမှ ဆရာ/ဆရာမ ကြီးများ၊ ပြိုင်ပွဲဝင်ကျောင်းသား/ ကျောင်းသူများ၏ မိဘအုပ်ထိန်းသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုယ်စားပြု ပြိုင်ပွဲဝင် ကျောင်းသား/ ကျောင်းသူ(၁၀)ဦးနှင့် အခြေခံပညာကျောင်းများမှ ကြည့်ရှုအားပေးကြ သည့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ အာဆီယံသီချင်း (ASEAN Anthem)ကိုဖွင့်လှစ်၍ အာဆီယံအလံအား အလေးပြုကြသည်။

 

ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ဒသမအကြိမ်မြောက် အာဆီယံ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ  - ဒေသအဆင့် (10th Asean Quiz – Regional Level) တွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် လူငယ်(၃)ဦးအား ရွေးချယ်နိုင်ရန်အတွက် ယခုလို နိုင်ငံအဆင့်ပြိုင်ပွဲ ကျင်းပခြင်း ဖြစ်ကြောင်း၊ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရခြင်းကြောင့် အခွင့်အလမ်းကောင်းများ ရရှိနိုင်ကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် ကြိုးကြိုးစားစားဖြင့် ယှဉ်ပြိုင်ကြစေလိုပါကြောင်း၊ အောင်မြင်စွာ ဖြေဆိုနိုင်ကြ ပါစေကြောင်းနှင့် ရလဒ်ကောင်းများ ဆက်လက်ရရှိပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်ကြပါစေကြောင်း ပြောကြားသည်။

 

ယင်းနောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းအဆိုရှင်များက အာဆီယံတေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။

 

ထို့နောက် အခမ်းအနားမှူးများက အကဲဖြတ်ဒိုင်အဖွဲ့ဝင်များအား တစ်ဦးချင်း မိတ်ဆက်ပေးပြီး ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူ (၁၀)ဦးက တစ်ဦးချင်း မိတ်ဆက်ကြသည်။

 

ဆက်လက်၍ အာဆီယံ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို စတင်ကျင်းပရာ အလှည့်ကျ ဖြေဆိုသည့်စနစ် (၂)ကြိမ်နှင့် ဦးသူဖြေဆိုသည့်စနစ် (၂)ကြိမ် စုစုပေါင်း(၄)ကြိမ်ဖြင့်ယှဉ်ပြိုင်ခဲ့ရာ ပထမဆုကို အထက(၁)ဒဂုံမှ မောင်ပြည့်စုံချမ်းသာမှလည်းကောင်း၊ ဒုတိယဆုကို အထက (၁)ဒဂုံမှ မောင်ဟိန်းလင်းထက်မှလည်းကောင်း၊ တတိယဆုကို အထက (၁)ဘားအံမှ မနှင်းပွင့်အောင်မှ လည်းကောင်း၊ စတုတ္ထဆုကို အထက (၈) အောင်မြေသာစံ (မန္တလေး)မှ မမေသဲဖြူအုန်းမှ လည်းကောင်း၊ ပဉ္စမဆုကို  အထက(၁)ဒဂုံမှ မရွှန်းလဲ့ဝေတို့မှ လည်းကောင်း အသီးသီးရရှိကြပြီး  အဆိုပါဆုများကို ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က အသီးသီးချီးမြှင့်သည်။

 

ထို့နောက် ညွှန်ကြားရေးမှူးချုပ်က အကဲဖြတ်ဒိုင်များအား အမှတ်တရလက်ဆောင်များပေးအပ်ပြီး အကဲဖြတ်ဒိုင် အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူများနှင့်အတူ စုပေါင်းဓါတ်ပုံရိုက်ကာ အာဆီယံ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ − နိုင်ငံအဆင့် ကျင်းပမှုကို ရုတ်သိမ်းလိုက်သည်။

 

အာဆီယံဉာဏ်စမ်းပဟေဠိပြိုင်ပွဲ (ASEAN Quiz) ကို အာဆီယံဒေသတွင်း နိုင်ငံများ၏ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဗဟုသုတများကို အာဆီယံ မျိုးဆက်သစ်လူငယ်များ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုသိရှိနားလည်နိုင်စေရန်နှင့် အာဆီယံနိုင်ငံများအကြား မိတ်ဆွေအဖြစ် ဆက်ဆံရေးများ၊ အပြန်အလှန် နားလည်မှုများ မြှင့်တင်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် အာဆီယံနိုင်ငံများက (၂)နှစ်လျှင် (၁)ကြိမ် အလှည့်ကျ အိမ်ရှင်စနစ်ဖြင့် ၂၀၀၂ ခုနှစ်မှ စတင်၍ လက်ခံကျင်းပခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် စင်ကာပူနိုင်ငံ အလှည့် ကျရောက်စဉ် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေကြောင့် online စနစ်ဖြင့် ပြောင်းလဲကျင်းပခဲ့ကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု လျော့နည်းကျဆင်းသွားပြီး ကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက် လာနိုင်ခြင်း၊ လမ်းပန်းဆက်သွယ်မှုများ ပြန်လည်ကောင်းမွန်လာခြင်းတို့ကြောင့် ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမှုကို    (In Person) စနစ်ဖြင့် ဖိတ်ခေါ်ကျင်းပရန် အာဆီယံနိုင်ငံများက သ‌ဘောတူ ဆုံးဖြတ်ခဲ့ကြ သဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ အာဆီယံဒေသတွင်းအဆင့် ပြိုင်ပွဲသို့  မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် နိုင်ငံအဆင့်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် တိုင်းဒေသ ကြီးနှင့် ပြည်နယ်ကိုယ်စားပြု ကျောင်းသား/ကျောင်းသူ (၄၃)ဦး အမည်စာရင်းအား ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက ရွေးချယ်ပေးခဲ့ပြီး ယင်းအနက် ရောက်ရှိ သတင်းပို့သူ (၃၄)ဦးအား ရေးဖြေစာမေးပွဲ ဖြေဆိုခြင်းနှင့် လူတွေ့မေးမြန်းခြင်းများ ပြုလုပ်ကာ (၁၀)ဦးကို ဦးစွာရွေးချယ်ခဲ့ပြီး ပြိုင်ပွဲစနစ်ဖြင့် ဆက်လက် ယှဉ်ပြိုင်စေကာ (၅)ဦးကို ပဏာမ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတို့ကို စခန်းသွင်းလေ့ကျင့်မှု ပြုလုပ်ပြီး အကဲဖြတ်ဒိုင် အဖွဲ့က (၃)ဦးကို ထပ်မံရွေးချယ်ကာ အာဆီယံဒေသအဆင့်ပြိုင်ပွဲသို့ နိုင်ငံ့ကိုယ်စားပြု ပါဝင် ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)